မန်ယူ ကစားသမားကို ဝေဖန်ခဲ့တာ မှားပါပြီ လို့ ထူးထူးခြားခြား ထုတ်ဖော် တောင်းပန်လာတဲ့ ကာရေဂါ

ဒီရာသီစတုန်းက ယူနိုက်တက် နောက်ခံလူ မာတီနက်ဇ်ဟာ လူကောင်သေးပြီး အရပ်အမောင်း ပုနေတာကြောင့် ခံစစ်မှူးနေရာက ကစားရင် အဆင်မပြေနိုင်ဘူးလို့ ပြောဆိုထားခဲ့တဲ့ ဂျင်မီ ကာရေဂါက သူ့အမှားကို ဝန်ခံကာ ပြန် တောင်းပန်စကား ဆိုလာခဲ့ပါတယ်။

အရပ် ၅ ပေ ၉ လက်မဆိုတဲ့ အရွယ်ဟာ ပရီးမီးယားလိဂ်ရဲ့ အင်အားကြီး တိုက်စစ်မှူးတွေ၊ တည်ကန်ဘောမှာ ဧရိယာအ တွင်း ဝင်ရောက်လာမယ့် လူကောင်ကြီး ကစားသမားတွေကို ရင်ဆိုင်ဖို့ သေးကွေးလွန်းတယ်လို့ ဩဂုတ်လတုန်းက ကာရေဂါ ဝေဖန်ထားခဲ့တာပါ။

” မာတီနက်ဇ်ရဲ့ လူကောင် အနေအထားက ကွင်းထဲမှာဆို သေးကွေးလွန်းပါတယ်။ ပရီးမီးယားလိဂ်မှာက ကစားသမားတွေဟာ လူကောင်ကြီးပြီး အားကောင်း သန်မာကြတာပါ။

တည်ကန်ဘော အခြေအနေတွေမှာ ခံစစ်မှူး တစ်ယောက်က ဒီလောက် လူကောင်သေးနေရင် ဧရိယာထဲ လာမယ့် အမြင့်ဘောတွေကို ဘယ်လို ကိုင်တွယ်မှာလဲ? ကျနော်ကတော့ ပြဿနာဖြစ်လာမယ် ထင်တယ်။ ” လို့ ရာသီစတုန်းက ကာရေဂါက မာတီနက်စ်နဲ့ ပတ်သက်ပြီး ဝေဖန်ထားခဲ့တာပါ။

ဒီကနေ့မှာတော့ သူပြောတာတွေက မှားခဲ့ပါတယ်လို့ ကာရေဂါက ဝန်ခံခဲ့ပါတယ်။ ပရီးမီးယားလိဂ် ခံစစ်မှူးဟောင်းက သူ့ရဲ့ အတွေ့အကြုံနဲ့ ယှဉ်ပြီး မာတီနက်စ် အဆင်မပြေနိုင်ဘူးလို့ မှတ်ချက်ပေးခဲ့ပေမယ့် အာဂျင်တိုင်းသားရဲ့ ရဲရင့်မှု၊ အားထုတ်နိုင်မှုတွေဟာ နောက်ဆုံးမှာ အခုလို အသိအမှတ်ပြုစကား ပြောရတဲ့ထိ ဖြစ်လာခဲ့ပါပြီ။

” ကျနော်က အရပ်မြင့်တဲ့ ခံစစ်မှူး မဟုတ်တော့ ပွဲတွေမှာဆိုရင် အနိုင်ကျင့်ခံရမှာ စိတ်ပူရဖူးတယ်။ မာတီနက်စ်က ကျနော်ထင်တောင် ၃ လက်မလောက် ပိုပုသေးတာလေ။ ဒါပေမယ့် သူက ကာဆီမီရိုလိုပါပဲ။ သူမပါနိုင်တာဟာ မန်ယူနိုက်တက်ရဲ့ ခံစစ်အတွက် အရမ်းကို သက်ရောက်မှု ကြီးခဲ့ပါတယ်။

သူက စစ်သည်တော်ပါ။ သူက ခေါင်းဆောင်တစ်ယောက်ပါ။ သူနဲ့ ကာဆီမီရိုက ယူနိုက်တက်အတွက် အရေးပါဆုံး ကစားသမားတွေပါ။ သိပ်ကောင်းတဲ့ လက်မှတ်ထိုးမှု ဖြစ်ပြီး ကြီးမားတဲ့ အပြောင်းအလဲတွေ ဖြစ်စေခဲ့သူပါ။

အခုချိန်မှာ မာတီနက်စ်နဲ့ ယူနိုက်တက်ပရိသတ် အားလုံးကို ခံစစ်သမားရဲ့ အရပ်အမောင်းနဲ့ ပတ်သက်ပြီး ကျနော် ပြောခဲ့မိတာတွေအတွက် တောင်းပန်ပါတယ် ” လို့ ကာရေဂါက တရားဝင် ပြောဆိုသွားတာ ဖြစ်ပါတယ်။