မန်ချက်စတာ ယူနိုက်တက်နဲ့ ဒီတလောမှာ သတင်းကြီးလာတဲ့ ပီအက်စ်ဂျီ ကြယ်ပွင့် နေမာ ကိစ္စကို နည်းပြ တန်ဟက်ကတော့ တုန့်ပြန် ပြောဆိုမှုတွေ ပြုလုပ်လာပြီ ဖြစ်ပါတယ်။
နည်းပြ တန်ဟက် ကတော့ နေမာနဲ့ သူ့ အသင်းရဲ့ သတင်းတွေကို ရပ်တန့်ပစ်ချင်နေပုံပါ။ ယူနိုက်တက်ရဲ့ ပစ်မှတ် စာရင်းထဲ ပါဝင်ပုံ မရတဲ့ ဘရာဇီးသား တိုက်စစ်သမားဟာ ပြင်သစ် သတင်းတွေ အဆို အရ ယူနိုက်တက်နဲ့ ဆွေးနွေးနေတယ် လို့ သတင်းထွက်လာခဲ့တာပါ။
ညှိနှိုင်းဆွေးနွေးမှုကလည်း အတော် ခရီးပေါက်နေတယ် လို့ ပြင်သစ် သတင်းတွေက ဆိုထားပြီး နေမာရဲ့ ဘရာဇီး အသင်းဖော် ကာဆီမီရိုကလည်း နေမာ အိုးထရက်ဖို့ဒ် ပြောင်းလာအောင် တိုက်တွန်းနေတယ် လို့ပါ ဖော်ပြ နေကြတာပါ။
ယူနိုက်တက် အသိုင်းအဝိုင်းကတော့ နေမာနဲ့ ပတ်သတ်တဲ့ သတင်းတွေကို ရှောင်ဖယ်နေခဲ့တာ ဖြစ်ပြီး ဒီနေ့ သတင်းစာ ရှင်းလင်းပွဲမှာတော့ နည်းပြတန်ဟက်က သတင်းထောက်တွေ အမေးကို တုန့်ပြန်လာခဲ့ပါတယ်။
နေမာနဲ့ ထွက်ပေါ်နေတဲ့ ယူနိုက်တက် လှုပ်ရှားမှု သတင်းတွေက မှန်ကန်သလား ဆိုတဲ့ မေးခွန်း အပေါ် တန်ဟက်က ” ကျနေ်ာတို့မှာ သတင်းထူးတာ ရှိရင် ခင်ဗျားတို့ကို သေချာပေါက် ပြောမှာပါ။ ” လို့ တန်ဟက်က ဖြေကြားခဲ့ပါတယ်။
တန်ဟက်ရဲ့ အဖြေက ပုံမှန် ထွက်ပေါ်နေကြ အဖြေမျိုး ဖြစ်ပေမယ့် နယ်သာလန်သားဟာ ထိုမေးခွန်း အပေါ် လူသိရှင်ကြား ပြန်ဖြေခဲ့တာက ပြန် စဉ်းစားစရာတွေ ထပ် ဖြစ်လာနေပါတယ်။ တန်ဟက်ဟာ ဘာလို့ ယတိပြတ် မငြင်းဆန်ခဲ့သလဲ ဆိုတဲ့ နောက်ဆက်တွဲ မေးစရာတွေ ဖြစ်လာခဲ့တာပါ။
ပဲရစ်မှာ အဆင်မပြေတော့တဲ့ နေမာကလည်း နွေမှာ အသင်း ပြောင်းကို ပြောင်းရွှေ့ဖို့ လမ်းစ ရှာဖွေနေတာ ဖြစ်ပါတယ်။ ဒီတလော ဘောလုံးရာသီတွေမှာ ဒဏ်ရာတွေကြောင့် ရုန်းကန်နေရသည့်တိုင် နေမာက ဒီရာသီ လီဂူးဝမ်းမှာ ပွဲ ၂ဝ သာ ကစားထားချိန် ၁၃ ဂိုးသွင်း ၁၁ဂိုး ထောက်ပံ့မှု ပြုလုပ်ထားပါတယ်။