မေဆန်မောင့် လုပွဲ မစတင်ခင်မှာတင် ပြိုင်ဘက် အသင်းကြီးတွေထက် အသာရနေတဲ့ မန်ချက်စတာ ယူနိုက်တက်

ဒီနွေမှာ ပရီးမီးယားလိဂ် ကလပ်တွေကြား လှုပ်ခတ်လာဦးမယ့် အင်္ဂလန်သား ကစားသမားကတော့ မေဆန်မောင့် ဖြစ်ပါတယ်။

ချယ်ဆီးကနေ ထွက်ခွာဖို့ ခြေလှမ်းပြင်နေတဲ့ အင်္ဂလန်သားကို မန်ချက်စတာ ယူနိုက်တက်၊ အာဆင်နယ်နဲ့ လီဗာပူး အသင်းတို့က ချိတ်ဆက်နေပါတယ်။ ဒါပေမယ့် ကစားသမားကို ခေါ်ယူရေး ပြိုင်ဆိုင်မှု မစတင်သေးခင်မှာတင် မန်ချက်စတာ ယူနိုက်တက်က အသာရတဲ့ အကြောင်း ရှိနေပါပြီ။

ဒါကတော့ ကစားသမား ကိုယ်တိုင်က အာဆင်နယ်၊ လီဗာပူးတို့ထက် စာရင် မန်ချက်စတာ ယူနိုက်တက်ထံ ပြောင်းရွှေ့ဖို့ ပိုပြီး စိတ်အားထက်သန်နေတာ ဖြစ်ပါတယ်။

အသက် ၂၄ နှစ် အရွယ် အင်္ဂလန်သားဟာ ကွင်းလယ် ဘယ်ခြမ်းမှာ ကစားနိုင်သူ ဖြစ်ပြီး အာတီတာရော ကလော့ပ်ပါ မျက်စိကျခြင်း ခံနေရသူ ဖြစ်ပါတယ်။ ဒါပေမယ့် The Athletic သတင်းဌာန အဆိုအရ မောင့်ဟာ မန်ချက်စတာ ရောက်ဖို့ ဦးတည်နေပြီ လို့ သိရပါတယ်။

အဲရစ်တန်ဟက်ဟာ မောင့် အတွက် ပေါင် ၅၅ သန်းနဲ့ စတင် ကမ်းလှမ်းဖို့ ပြင်ဆင်နေပြီ ဖြစ်ပါတယ်။ နောက်နှစ် နွေမှာ စာချုပ်ကုန်ဆုံးမယ့် ကစားသမားကို ချယ်ဆီးကတော့ ပေါင် ၈၅ သန်း လို့ တန်ကြေးကြီး သတ်မှတ်ထားပါတယ်။

ချယ်ဆီးထံ ရောက်လာမယ့် နည်းပြသစ် ပိုချက်တီနိုကလည်း မောင့်ကို ဆွဲထားလိုသူ မဟုတ်တာကြောင့် ကစားသမားရဲ့ စိတ်ကြိုက် ကလပ်အသင်းကို ပြောင်းရွှေ့ခွင့်ပေးဖို့ပဲ လန်ဒန်ကလပ်က ညှိနှိုင်းပေးဖွယ်တော့ ရှိနေပါတယ်။

မေဆန်မောင့် ဟာ ၂၀၁၇ မှာ ချယ်ဆီး စီနီယာ အသင်းကြီးအတွက် စတင် ပွဲထွက် ကစားခဲ့တာ ဖြစ်ပြီး လက်ရှိ အချိန်ထိ ပြိုင်ပွဲစုံ ၁၉၅ ပွဲ ကစားကာ ၃၃ ဂိုး သွင်းယူထားပါတယ်။