ချယ်ဆီးကို အနိုင်ယူပြီးနောက် မန်စီးတီးအသင်းကို သတိပေးမှု ပြုလုပ်သွားတဲ့ ဖာနန်ဒက်စ်

မနက်က အိုးထရတ်ဖိုဒ့်မှာ ယှဉ်ပြိုင်တဲ့ ချယ်ဆီးနဲ့ပွဲမှာ ကာဆီမီရို၊ မာရှယ်၊ ဖာနန်ဒက်စ်နဲ့ ရက်ဖိုဒ့်တို့ ဂိုးသွင်းနိုင်တာနဲ့အတူ ယူနိုက်တက်က ၄-၁ ဖြင့် အနိုင်ရပြီး ချန်ပီယံလိဂ်ဝင်ခွင့် သေချာခဲ့ပါပြီ။

ဒါကြောင့် အနီးကပ် ပြိုင်ဘက် လီဗာပူးကို နောက်ဆုံး ပွဲစဉ် မတိုင်ခင်မှာပဲ ကျော်ဖြတ်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။ သမိုင်းတစ်လျှောက် အကြီးမားဆုံး ပြိုင်ဘက်အသင်းရဲ့ ချန်ပီယံလိဂ် မျှော်လင့်ချက်ကို အနီးကပ် ရိုက်ချနိုင်ခြင်းဟာ ပရိသတ်တွေကို ပီတိတွေဖြစ်စေမှာကို ဖာနန်ဒက်စ်က နားလည်ပါတယ်။

‘ ချန်ပီယံလိဂ်ဝင်ခွင့်ရတာဟာ ကျနော်တို့ ပရိသတ်တွေအတွက် အများကြီး အဓိပ္ပာယ်ရှိတာ သိပါတယ်။ ဒါက ကျနော်တို့ ရည်မှန်းချက်တွေထဲက တစ်ခုပါ။ လီဗာပူးအသင်း ချန်ပီယံလိဂ် မဝင်တာအတွက် ကျနော်တို့ ပရိသတ်တွေ ပျော်နေကြမယ်ဆိုတာ သိပါတယ်။ ကျနော်တို့အတွက်ကတော့ ကိုယ့်ဘာသာ အကောင်းဆုံး လုပ်ဖို့ပါပဲ။

ပရိသတ်တွေက ကျနော်တို့အတွက် သိပ်ကောင်းပါတယ်။ အိမ်ကွင်းမှာ ပွဲတွေ အများကြီးကို အနိုင်ရခဲ့တယ်။ သူတို့က ကျနော်တို့အတွက် ကောင်းမွန်တဲ့ အားပေးမှုတွေ ဖန်တီးပေးပါတယ်။ ကျနော်တို့အတွက် သိပ်အရေးကြီးပြီး သူတို့ရဲ့ ပါဝင်မှုတွေအပေါ် တကယ်ကို အသိအမှတ် ပြုပါတယ် ‘ လို့ ဖာနန်ဒက်စ်က ပြောဆိုခဲ့ပါတယ်။

ဘောလုံးရာသီ နောက်ဆုံးအပတ်အတွင်း ယူနိုက်တက်ဟာ ဝင်ဘာလေမှာ မန်စီးတီးနဲ့ အက်ဖ်အေဖလား ယှဉ်ပြိုင်ရမှာပါ။ ဒါဟာ ပြိုင်ဘက်အသင်း တစ်ရာသီ ဆုဖလား ၃ လုံး မအောင်မြင်ရေးအတွက် သူတို့ တားဆီးနိုင်မယ့် အခွင့်အရေး ဖြစ်ပါတယ်။

‘ ဆုဖလား အနိုင်ယူဖို့က အရေးကြီးပါတယ်။ တစ်ယောက်ယောက်ထံက ဆုဖလား မရောက်ဖို့ ကျနော်တို့ ကြိုးစားရမှာပါ။ အက်ဖ်အေဖလား အနိုင်ရချင်ပါတယ်။ မန်စီးတီးအသင်း ဖလား ၃ လုံး မရတာမျိုး မြင်ချင်ရင် အက်ဖ်အေဖလားကို ကျနော်တို့ အနိုင်ယူရမယ်ဆိုတာ သိထားပါတယ် ‘ လို့ ဖာနန်ဒက်စ်က ပြောဆိုသွားတာ ဖြစ်ပါတယ်။