မန်ယူ ပွဲအပြီး မိနစ်ပိုင်း အကြာမှာတင် တွစ်တာမှာ စာအရှည်ကြီး ရေး၊ ငိုပြသွားတဲ့ မိုဆာလာ

ကြာသပတေးနေ့ညက ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲကျန်မှာ မန်ချက်စတာ ယူနိုက်တက်က ချယ်ဆီးအသင်းကို အနိုင်ရသွားတဲ့နောက် လီဗာပူးအသင်းရဲ့ ချန်ပီယံလိဂ် ဝင်ခွင့် မျှော်လင့်ချက်က အဆုံးသတ်သွားပြီ ဖြစ်ပါတယ်။

ယူနိုက်တက်ရဲ့ ရမှတ်က ၇၂ မှတ် ဖြစ်သွားတာကြောင့် တနင်္ဂနွေနေ့ ဆောက်သမ်တန်နဲ့ ပွဲမှာ လီဗာပူး ဘယ်လို ရလဒ် ထွက်သည် ဖြစ်စေ အဆင့် ၄ ဝင်ခွင့် ရတော့မှာ မဟုတ်ပါဘူး။ နယူးကာဆယ်ကလည်း ရမှတ် ၇၀ နဲ့ ချန်ပီယံလိဂ် ဝင်ခွင့် ရသွားပြီ ဖြစ်ပါတယ်။

လီဗာပူး တိုက်စစ်မှုး မိုဟာမက် ဆာလာက မနေ့ညက မန်ချက်စတာ ယူနိုက်တက် ပွဲစဉ်ကို စောင့်ကြည့်ခဲ့ပုံ ရပြီး ထိုပွဲ အပြီးမှာ လီဗာပူး ချန်ပီယံလိဂ် ဝင်ခွင့် မရတော့တဲ့ အတွက် ကြေကွဲရကြောင်း တွစ်တာကနေ စာ အရှည်ကြီး ရေးသွားခဲ့ပါတယ်။

ယူနိုက်တက် ပွဲ အပြီး မိနစ်ပိုင်း အကြာမှာပဲ ဆာလာက တွစ်တာမှာ အခုလို ရေးသားခဲ့တာပါ။

” ကျနော် တကယ်ကို စိတ်ပျက်မိပါတယ်။ ဒီအတွက်လည်း ဆင်ခြေပေးစရာ မရှိတော့ပါဘူး။ နောက်ရာသီ ချန်ပီယံလိဂ် ဝင်ခွင့် ကြိုးစားဖို့ ကျနော်တို့မှာ အစစအရာရာ ရှိခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။

ကျနော်တို့က လီဗာပူးပါ။ အနိမ့်ဆုံး အဆင့်လောက်က ချန်ပီယံလိဂ်မှာ ပါဝင် ယှဉ်ပြိုင်နိုင်ရေး ဖြစ်ပါတယ်။ ကျနော် စိတ်မကောင်းပါဘူး။ အကောင်းမြင်တဲ့ ပိုစ့်ရေးဖို့ ဒါမှမဟုတ် စိတ်ဓါတ်ပိုင်း မြှင့်တင်မှု လုပ်ဖို့က သိပ် စောလွန်းပါသေးတယ်။ ကျနော်တို့ ကိုယ့်ဘာသာ အခုလို နိမ့်ပါးစေခဲ့တာပါ” လို့ ဆာလာက ဆိုခဲ့တာ ဖြစ်ပါတယ်။

ယူနိုက်တက် ကွင်းလယ်ကစားသမား ဘရူနို ဖာနန်ဒက်စ်ကလည်း သူတို့နိုင်ပွဲကြောင့် လီဗာပူး ချန်ပီယံလိဂ် ဝင်ခွင့် မျှော်လင့်ချက် အဆုံးသတ်သွားတဲ့ အပေါ် သရဲနီ ပရိသတ်တွေ ပျော်ရွှင်ကြမယ် မျှော်လင့်ကြောင်း မနေ့က ပွဲ အပြီးမှာ ပြောဆိုခဲ့ပါသေးတယ်။