ဂန်းနား ပရိသတ်တွေဟာ ဒီရာသီမှာ မန်စီးတီးကို ဖိအားပေးနိုင်ခဲ့တယ်ဆိုတဲ့ အပေါ် အတော်လေး ဂုဏ်ယူနေနိုင်ပေမယ့် အဲ့ဒါတွေက ဖလားရဖို့ လုံလောက်မှု မရှိခဲ့သလို ဒီအတွက်ကြောင့် အာတီတာဟာ နွေအပြောင်းအရွှေ့အတွင်း ချမှတ်စရာ ဆုံးဖြတ်ချက်ကြီးတွေ များစွာ ရှိနေပါလိမ့်မယ်။
ရှာကာနဲ့ ပါတေးတို့ရဲ့ ထွက်ခွာဖို့ ကောလာဟလတွေသာ တကယ်ဖြစ်ခဲ့ရင် အာတီတာရဲ့ အလုပ်က ပိုပြီးတော့တောင် ခက်လာဖို့ပဲ ရှိပါတယ်။ ရှာကာဟာ လေဗာကူဆင်နဲ့ ချိတ်ဆက်နေတာဖြစ်သလို သူထွက်ခွာဖို့က ဖြစ်နိုင်ခြေများပြီး ပါတေး ကလည်း စီးရီးအေ ကလပ် ၂သင်းထံကနေ စိတ်ဝင်စားမှုတွေ ရရှိနေပါတယ်။
ဒါကြောင့် ၂၀၂၃-၂၄ ရာသီ အဖွင့်ပွဲနေ့မှာ ဂန်းနားတွေ ဘယ်လိုမျိုး လူစာရင်း ထုတ်နိုင်မလဲဆိုတာ ကြည့်လိုက် ရအောင်ပါ။
ရမ်စ်ဒေးက စာချုပ်သက်တမ်း တိုးခဲ့တာကြောင့် ဂိုးသမားနေရာကတော့ မပြောင်းလဲနိုင်ပါဘူး။ အင်္ဂလန်သားဟာ နောက်ထပ် အထင်ကြီးစရာ ရာသီတစ်ခု ရခဲ့ပြီး နှစ်တွေအကြာကြီး အာဆင်နယ်ရဲ့ နံပါတ်တစ် ကစားသမား ဖြစ်နိုင်ပါတယ်။
ပထမဆုံး အပြောင်းအလဲက ညာနောက်တန်း ဖြစ်လောက်ပါတယ်။ စီးတီးနောက်ခံလူ ကန်ဆယ်လိုက အလားအလာ ရှိတဲ့ ပစ်မှတ်တစ်ခုပါ။ အာတီတာဟာ အီတီဟဒ်မှာ နေခဲ့တုန်းကတည်းက ကန်ဆယ်လိုရဲ့ အားသာချက်တွေကို ကောင်းကောင်း နားလည်ထားတာ ဖြစ်ပါတယ်။
ဒီရာသီမှာ အချိန်အတော်ကြာ တောင့်တင်းခိုင်မာနေပုံ ပေါ်ခဲ့တဲ့ ဆလီဘာနဲ့ ဂေဘရီရယ်တို့ရဲ့ ဗဟိုခံစစ်အတွဲကတော့ ဆက်ရှိနေဦးမှာဖြစ်ပြီး ဘယ်နောက်တန်းမှာလဲ ဇင်ချန်ကိုပဲ နေရာယူထားပါလိမ့်မယ်။
ပရိသတ်တွေ အမျှော်လင့်ဆုံး အပြောင်းအလဲက ကွင်းလယ်ပိုင်းပါ။ ရှာကာနဲ့ ပါတေးတို့က ထွက်ခွာတော့မှာဖြစ်လို့ အာတီတာဟာ အနည်းဆုံး ဗဟိုကွင်းလယ်လူ ၂ယောက် ခေါ်ဖို့ လိုပါလိမ့်မယ်။
ဝက်စ်ဟမ်း ကွင်းလယ်လူ ဒီကလန်ရိုက်စ်ဟာ အာဆင်နယ်ရဲ့ အဓိက ပစ်မှတ်ဖြစ်ပြီး ပေါင်သန်း ၉၀ လောက် အကုန်ကျခံနိုင်ရင်တော့ နောက်ရာသီမှာ အမ်းမရိတ်ထံ သူရောက်လာပါလိမ့်မယ်။
ရိုက်စ်နဲ့ တွဲဖက်ဖို့အတွက် အာတီတာဟာ အတွေ့အကြုံရှိ ကစားသမားကို လိုချင်နေပြီး ဂွမ်ဒိုဂမ်က သူ့ရဲ့ပစ်မှတ်တစ်ခု ဖြစ်ပါတယ်။ အိုဒီဂတ်ဟာ အာဆင်နယ် အသင်းခေါင်းဆောင်အဖြစ် ပထမဆုံးရာသီမှာ ခြေစွမ်းပြသခဲ့ပြီး ဒီရာသီမှာတင် လိဂ်ဂိုး ၁၅ဂိုး သွင်းယူခဲ့တာကြောင့် နောက်နှစ် ပထမအသင်းကြီးမှာ သူက ဦးစားပေးကစားသမား ဖြစ်နေဦးမှာပါ။
ဆာကာလည်း စာချုပ်သစ် ချုပ်ဆိုထားခဲ့တာကြောင့် ပရီးမီးယားလိဂ်ရဲ့ အတောက်ပဆုံး ကြယ်တစ်ပွင့်ဟာ အာဆင်နယ်မှာ ဆက်ရှိနေပါလိမ့်မယ်။ ဘယ်တောင်ပံမှာတော့ မာတီနယ်လီဟာ သွင်းဂိုးတွေ ပိုရယူဖို့ ရည်မှန်း ထားမှာဖြစ်ပြီး ဖေဖော်ဝါရီလတုန်းကပဲ အာဆင်နယ်နဲ့ စာချုပ်သစ် ချုပ်ဆိုထားတာ ဖြစ်ပါတယ်။
မနှစ်က နွေရာသီမှာ ခေါ်ယူထားတဲ့ ဂေဘရီရယ် ဂျေးဆုက တိုက်စစ်ကို ဦးဆောင်လာမှာဖြစ်ပေမယ့် အာတီတာဟာ နောက်ထပ် တိုက်စစ်မှူးတစ်ယောက်တော့ ရှာဖွေနေတယ်ဆိုတဲ့ ပြောဆိုမှုတွေ ရှိနေပါသေးတယ်။
နောက်ရာသီ အာဆင်နယ်ရဲ့ ဖြစ်နိုင်ဖွယ် လူစာရင်း ကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။
ဂိုးသမား – ရမ်စ်ဒေး
ခံစစ် – ကန်ဆယ်လို၊ ဆလီဘာ၊ ဂေဘရီရယ်၊ ဇင်ချန်ကို
ကွင်းလယ် – ရိုက်စ်၊ ဂွမ်ဒိုဂမ်၊ အိုဒီဂတ်။
တိုက်စစ် – ဆာကာ၊ မာတီနယ်လီ၊ ဂျေးဆု
