ယူနိုက်တက်ရဲ့ အသက်သွေးကြောကို ဖြတ်တောက်သလို ဖြစ်ခဲ့တဲ့ ကစားသမား ရောင်းချမှု အမှားကြီးများ

ဂန္တဝင် နည်းပြကြီး ဆာအဲလက်စ် ဖာဂူဆန် အနားယူပြီးတဲ့နောက် မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ကစားသမားရောင်းချမှုတွေမှာ အမှားကြီး မှားခဲ့တယ်လို့ သရဲနီဟောင်းကြီး ရီယို ဖာဒီနန်က ယုံကြည်နေပါတယ်။

ယူနိုက်တက်ဟာ ၂၀၁၅ မှာ အီဗန်စ်ကို ဝက်စ်ဘရွန်းအသင်းထံ ပေါင် ၆ သန်းမျှနဲ့ ရောင်းချခဲ့တာက အတော် အဓိပ္ပါယ် မရှိတဲ့ လုပ်ရပ်လို့ ဖာဒီနန်က ယူဆနေပြီး အဲဒီအချိန်တုန်းက အီဗန်စ်ဟာ အိုးထရက်ဖို့ဒ်မှာ အကောင်းဆုံး နောက်ခံလူ လို့ ဆိုပါတယ်။

ဒါ့အပြင် ဟာနန်ဒက်စ်ကလည်း ဒေးဗစ်မိုယက်စ် လက်ထက် ခြေစွမ်း မပြနိုင်တာကြောင့် ၂၀၁၄ မှာ ရီးရဲလ်ထံ အငှားထွက်ရင်း အသင်းကနေ ထွက်ခွာဖြစ်ခဲ့တာပါ။ ဝဲလ်ဘတ်ကလည်း လူးဝစ် ဗန်ဟားလ် လက်ထက်မှာ အသင်းကနေ ထွက်ခွင့်ပြုခြင်း ခံခဲ့ရပါတယ်။

ဖာဒီနန်ကတော့ ဒီ ကစားသမားတွေ ရောင်းချမှုဟာ ယူနိုက်တက် လူစာရင်းရဲ့ အသက်သွေးကြောကို ထိခိုက်သွား စေသည်ထိ ကြီးကျယ်စေခဲ့တယ် လို့ ဆိုပါတယ်။

” ယူနိုက်တက် လုပ်ခဲ့တဲ့ အကြီးဆုံး အမှားအယွင်းတွေထဲမှာ သူတို့ ဒါ ဆေးလ်ဗားတို့ အမွှာ နှစ်ယောက်ကို ရောင်းတာ၊ ဝဲလ်ဘတ် ကို ရောင်းတာ၊ နောက်ပြီး ချီချီရာတို၊ ဂျွန်နီ အီဗန်စ်တို့ကို ရောင်းတာ။ ဒါတွေ အားလုံးကို အချိန်တိုအတွင်း လုပ်ချလိုက်တာပဲ။

သူတို့က မန်ယူနိုက်တက်ရဲ့ အသက်သွေးကြောတွေလေ။ သူတို့က အသင်းရဲ့ system ထဲက ပေါ်ထွက်လာသူတွေ၊ မန်ယူနိုက်တက် ကောင်လေးတွေ။ ဒါက တကယ့် ဆုံးရှုံးမှုကြီးပဲ။ သူတို့က အသင်းရဲ့ အစိတ်ပိုင်း၊ အကယ်ဒမီကနေ ထွက်လာပြီး ယူနိုက်တက်ရဲ့ ရပ်တည်မှုတွေ အရေးပါမှုတွေ အကုန် ဖြတ်သန်းလာသူတွေ။

ဒီလို ကစားသမားတွေကို သူတို့က ဘယ်လောက်မှ မရဘဲ ရှင်းထုတ်ပစ်တယ်။ ဒါကို ကလပ်ဘက်က ခွင့်ပြုခဲ့တာ ကျနော်ဖြင့် မယုံနိုင်အောင်ပဲ။ ” လို့ ဖာဒီနန်က သူ့ရဲ့ ယူကျူ့ချယ်နယ်ကနေ သုံးသပ် ပြောဆိုခဲ့တာ ဖြစ်ပါတယ်။