သူ အလိုချင်ဆုံး ပစ်မှတ်ကို ယူနိုက်တက် ခေါ်မပေးနိုင်လို့ စိတ်ပျက်နေတဲ့ နည်းပြ တန်ဟက်

မန်ချက်စတာ ယူနိုက်တက်ဟာ ဒီနွေမှာ တန်ဟက် အလိုချင်ဆုံး ကစားသမား ဖြစ်နေတဲ့ စပါး တိုက်စစ်မှုး ဟယ်ရီ ကိန်း ကို ခေါ်ယူရေး ကြိုးစားဖို့ အဆုံးသတ်လိုက်ပြီ ဖြစ်ပါတယ်။

ရာသီသစ် အတွက် ထိပ်တန်း တိုက်စစ်မှုး တစ်ဦး ခေါ်ယူရေးဟာ နည်းပြ တန်ဟက်ရဲ့ ဦးစားပေး ကိစ္စ ဖြစ်ပါတယ်။ ဒီအတွက် ပရီးမီးယားလိဂ် ဝါရင့် ဖြစ်ပြီးသား ကိန်း ကို တန်ဟက်က အတော် အကြိုက်တွေ့နေခဲ့တာပါ။

အဲရစ်တန်ဟက် က သာ ကိန်းမှ ကိန်း ဖြစ်နေခဲ့ပေမယ့် စပါးအသင်းခေါင်းဆောင်ဟာ တန်ကြေး သိပ်မြင့်လွန်းပြီး ယူနိုက်တက် အလှမ်းမမှီ ဖြစ်နေသလို လန်ဒန်ကလပ်ကလည်း ပြည်တွင်း ပြိုင်ဘက် အသင်းကြီး တစ်သင်းထံ သူတို့ ကြယ်ပွင့် ကစားသမားကို မရောင်းချလိုပါဘူး။

ဂါးဒီးယန်း သတင်းစာ အဆိုအရ နည်းပြ တန်ဟက်ဟာ သူ့ရဲ့ ထိပ်တန်း ပစ်မှတ်ကို မန်ချက်စတာ ကလပ်က မခေါ်ပေးနိုင်တဲ့ အတွက် အတော် စိတ်ပျက်နေကြောင်း သိရပါတယ်။ မြောက်လန်ဒန်ကလပ်နဲ့ စာချုပ် တစ်နှစ်သာ ကျန်တဲ့ အသက် ၂၉ နှစ် အရွယ် ကစားသမား အတွက် ယူနိုက်တက်ကလည်း မတန်တဆ ဈေးကြီး မပေးလိုဘဲ ဖြစ်နေပါတယ်။

စပါး အသင်း ဥက္ကဌ လီဗိုင်းကလည်း ကိန်းကို ရအောင် ထိန်းထားဖို့ ဆုံးဖြတ်ထားပြီး လာမယ့် ၁၂ လ အတွင်း စာချုပ်သစ် ချုပ်ဆိုနိုင်မယ် လို့ပါ ယုံကြည်ချက် ရှိနေတာကြောင့် ပြိုင်ဘက်အသင်းကြီးတွေ ကမ်းလှမ်းမှုကို လက်ခံ စဉ်းစားခြင်းပင် မရှိပါဘူး။

တစ်နှစ်သာ စာချုပ် ကျန်တဲ့ အင်္ဂလန် တိုက်စစ်မှုး တန်ကြေးကိုလည်း ပေါင် သန်း ၁ဝဝ လို့ပါ စပါးက မတန်တဆ ဈေးတင်ထားခဲ့တာ ဖြစ်ပါတယ်။ ကိန်းကို ရီးရဲလ်မက်ဒရစ်ကလည်း စိတ်ဝင်စားမှု ရှိနေပါတယ်။

ယူနိုက်တက်ကတော့ ကြေးကြီး အင်္ဂလန် တိုက်စစ်မှုးကို ပစ်မှတ် စာရင်းက ဖယ်ထုတ်လိုက်ပြီ ဖြစ်ပြီး အခြား တိုက်စစ်မှုးတွေကို ခေါ်ယူရေးသာ လှုပ်ရှားတော့မှာပါ။

ယူနိုက်တက်ရဲ့ တိုက်စစ် ပစ်မှတ်တွေထဲမှာ ပေါင် သန်း ၁၃ဝ တန် နာပိုလီ တိုက်စစ်မှုး ဗစ်တာ အိုဆင်ဟမ်၊ အတ္တလန္တာမှ အသက် ၂ဝ အရွယ် ပေါင် သန်း ၅ဝ တန် တိုက်စစ်မှုး ဟာ့ချ်လန်းတို့ အပြင် ဘင်ဖီကာမှ ဂွန်ကာလို ရာမို့စ်တို့လည်း ပါဝင်နေပါတယ်။