ချိန်ပါ ဖြစ်နေတဲ့ အာဆင်နယ်၊ လက်ဖွာနေတဲ့ ချယ်ဆီးနဲ့ ကိုင်စီဒို အပြောင်းအရွှေ့ ကိစ္စ

ပရီးမီးယားလိဂ်ကလပ် ချယ်ဆီးအသင်းဟာ ဒီနွေမှာတော့ ဘရိုက်တန် ကွင်းလယ်လူ ကိုင်ဆီဒိုကို ခေါ်ယူသွားဖို့ အခြေအနေ ကောင်းလာခဲ့ပြီ ဖြစ်ပါတယ်။

ကိုင်စီဒို ကို အာဆင်နယ်ကလည်း ချိန်ရွယ်နေတာ ဖြစ်ပြီး မြောက်လန်ဒန်ကလပ်ကတော့ ချိန်ပါ လို ဖြစ်နေခဲ့ပြီ ဖြစ်ပါတယ်။ ရိုက်စ် အတွက် ဂန်းနားတို့ ကမ်းလှမ်းမှုကလည်း ပယ်ချခံထားရပြီး မန်စီးတီးကပါ ဝင်ပါလာလို့ အခြေမလှ ဖြစ်နေခဲ့တာပါ။

ဒီလိုအချိန်မှာ ကိုင်စီဒိုကလည်း ချယ်ဆီးအသင်းနဲ့ အေးဂျင့် ကြား စကားပြောမှုတွေ အခြေအနေ ကောင်းမွန်ခြင်းနဲ့အတူ ပုဂ္ဂိုလ်ရေးဆိုင်ရာအတွက် ကမ်းလှမ်းမှုတွေကို ပြုလုပ်ခဲ့ပြီး သဘောတူညီမှုရဖို့ နီးစပ်နေပါပြီ။ အပြီးသတ်ဖို့ထိ ညိနှိုင်းမှု အောင်မြင်ရေးတော့ အချိန် နည်းနည်း ယူရဦးမှာပါ။

ချယ်ဆီးဘက်က ဘရိုက်တန်ကို ပြောင်းရွှေ့ကြေး ပေါင် သန်း ၈၀ ထိ ပေးရမှာဖြစ်ပြီး နည်းပြဒီဇာဘီက ဒီနွေမှာ ကိုင်ဆီဒိုအား ထွက်ခွင့်ပေးဖို့ကို ခွင့်ပြုထားပြီ ဖြစ်ပါတယ်။

ချယ်ဆီးဟာ ဇန်နဝါရီတုန်းကလည်း ကိုင်ဆီဒိုအတွက် ပေါင် ၅၅ သန်းနဲ့ ကမ်းလှမ်းခဲ့သေးတာဖြစ်ပြီး ငြင်းဆန်ခံခဲ့ရတာ ဖြစ်ပါတယ်။

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီမှာ ပေါင် ၄.၅ သန်းနဲ့ ခေါ်ယူခံခဲ့ရတဲ့ အသက် ၂၀ အရွယ် ကစားသမားဟာ ဘရိုက်တန်မှာ အထင်ကြီးစရာ စွမ်းဆောင်ပြနေခဲ့လို့ စိတ်ဝင်စားမှုများစွာ ရရှိခဲ့တာပါ။ ကိုင်ဆီဒိုကို ခေါ်ယူရေး အာဆင်နယ်၊ ယူနိုက်တက်၊ လီဗာပူးတို့ကပါ စိတ်ဝင်စားခဲ့ကြတာဖြစ်ပါတယ်။

ကန်တေကို လက်လွတ်ရသလို ကိုဗာဆစ်ကိုလည်း အသင်းပြောင်းခွင့် ပေးရဖွယ်ရှိတဲ့ ချယ်ဆီးဟာ ဇန်နဝါရီတုန်းက ဂျော်ဂျင်ဟိုကို အာဆင်နယ်ထံ ရောင်းချထားတာပါ။ ဒါကြောင့် ကွင်းလယ် အားဖြည့်ဖို့ လှုပ်ရှားနေပြီး အရင် ဈေးကွက်တွေမှာ ငွေသုံးကြမ်းထားသည့်တိုင် ဈေးကြီး ကစားသမားတွေကို ထပ်မံ ချိတ်ဆက်နေရပါတယ်။