အာဆင်နယ်၊ မန်ယူ၊ လီဗာပူး၊ ချယ်ဆီးတို့ အပြိုင် လိုက်နေတဲ့ တန်းဆင်း စိန့်အသင်းရဲ့ အဖိုးတန် ကွင်းလယ် ကြယ်ပွင့်လေး

ပရီးမီးယားလိဂ် အသင်းကြီးတွေ ဖြစ်ကြတဲ့ အာဆင်နယ်၊ မန်ချက်စတာ ယူနိုက်တက်၊ လီဗာပူးနဲ့ ချယ်ဆီး အသင်းတို့ဟာ ဆောက်သမ်တန် အသင်းရဲ့ ဆယ်ကျော်သက် ကွင်းလယ်ကစားသမားလေး ရိုမီရို လာဗီယာ ကို ခေါ်ယူဖို့ အပြိုင် ချိတ်ဆက်နေကြပါတယ်။

နည်းပြ အာတီတာရဲ့ အာဆင်နယ် အသင်းဟာ ဒီကလန်ရိုက်စ်၊ ကိုင်စီဒို စတဲ့ နာမည်ကြီး ကွင်းလယ်တွေ ကို ချိန်ရွယ် နေပေမယ့် ဒီတလော ကမ်းလှမ်း ချိတ်ဆက်မှုတွေမှာ အဆင်မပြေသေးတာကြောင့် တခြား ရွေးချယ်စရာ ပစ်မှတ်တွေကို ရှာဖွေရင်း လာဗီယာ ကို မျက်စိကျလာတာပါ။

ဘယ်လ်ဂျီယံသား ကွင်းလယ် ကစားသမားလေး လာဗီယာ ဟာ ဆောက်သမ်တန် တန်းဆင်းပြီးနောက် အသင်းကြီးတွေ ထည့်သွင်း စဉ်းစားတဲ့ ပစ်မှတ် ဖြစ်လာနေပြီး ဈေးချိုတဲ့ ခေါ်ယူမှုလည်း ဖြစ်မှာပါ။ လာဗီယာ ရဲ့ လက်ရှိ ဈေးကွက် ပေါက်ဈေးက ယူရို ၂၅ သန်း မျှသာ ရှိပါတယ်။

ဆောက်သမ်တန်တို့ တန်းဆင်းသွားရသည့်တိုင် အသက် ၁၉ နှစ် အရွယ် ကစားသမား လာဗီယာ ဟာ ဘောလုံး ပရိသတ်တွေ အထင်ကြီးလောက်တဲ့ ခြေစွမ်းမျိုး ပြသနိုင်ခဲ့ပါတယ်။ စိန့်တွေနဲ့ အတူ ပြိုင်ပွဲစုံ ၃၄ ပွဲ ပါဝင် ကစားခဲ့တဲ့ လာဗီယာ ဟာ တစ်ဂိုးလည်း သွင်းယူခဲ့ပါတယ်။

အာဆင်နယ် အသင်းဘက်မှာလည်း ကွင်းလယ် ကစားသမား ရှာကာ ဟာ လီဗာကူဆင် အသင်းထံ ပြောင်းဖို့ ပြင်ဆင်နေပြီး အာတီတာ အနေနဲ့ ကွင်းလယ် သေချာပေါက် အားဖြည့်ဖို့ ရှိနေပါတယ်။

ချယ်ဆီးကလည်း ဇန်နဝါရီမှာ ဂျော်ဂျင်ဟို၊ ဒီနွေမှာ ကန်တေတို့ကို လက်လွှတ်ရပြီးတဲ့ အပြင် ကိုဗာဆစ်လည်း ထွက်ခွာဖွယ် ရှိလို့ ကွင်းလယ် ထပ်ခေါ်ဖို့ ဈေးကွက်ထဲမှာ လှုပ်ရှားနေတာပါ။

လီဗာပူးနဲ့ မန်ချက်စတာ ယူနိုက်တက် တို့ကလည်း ကွင်းလယ် အသီးသီး ဖြည့်တင်းဖို့ ရှိနေလို့ ဈေးချို၊ အသက်ငယ်၊ ခြေစွမ်းထက်၊ ပရီးမီးယားလိဂ် အတွေ့အကြုံရှိပြီးတဲ့ လာဗီယာ ဟာ အားလုံး အကြိုက် ဖြစ်နေပါတယ်။