မန်စီးတီးဟာ ခံစစ်မှူး ဂါဗာဒီယိုကို ခေါ်ယူရေး ကစားသမားနဲ့ သဘောတူညီမှု ရရှိခဲ့ပါပြီ။ လိုက်ဇစ် အသင်းကတော့ ခရိုအေးရှားသားကို မြင့်မားတဲ့ ပြောင်းရွှေ့ကြေး ပေါင် သန်း ၉၀ ထိ တောင်းဆိုနေပါတယ်။ ဂါဗာဒီယို ကို ပြီးခဲ့တဲ့ ဇန်နဝါရီ တုန်းက လီဗာပူးကလည်း ချိတ်ဆက်ခဲ့ပါသေးတယ်။
ဂိုးသမား အိုနာနာ အတွက် အင်တာမီလန်က ပေါင် သန်း ၇၀ ထိ တောင်းဆိုနေတာကြောင့် ချယ်ဆီးအသင်းကတော့ နောက်ဆုတ်သွားခဲ့ပါပြီ။
မန်ချက်စတာ ယူနိုက်တက်ဟာ မေဆန်မောင့် အတွက် ပေါင် သန်း ၅ဝ ထိပဲ တန်းကုန် ကမ်းလှမ်းမှု တိုးမြှင့်ပေးမှာပါ။ ချယ်ဆီးကတော့ အင်္ဂလန်သားအတွက် ပေါင် သန်း ၇ဝ တန်ကြေး သတ်မှတ်ထားပါတယ်။
အာဆင်နယ် အသင်းဟာ ဂျာမနီ တိုက်စစ်သမား ကိုင်ဟာဗက်ဇ် အတွက် ကမ်းလှမ်းမှု လုပ်လိုက်ပြီး ချယ်ဆီးကလည်း ချက်ချင်း ပယ်ချခဲ့ကြောင်း သတင်းထွက်လာပါတယ်။ ဂန်းနားတို့က နောက်ထပ် ကမ်းလှမ်းမှု လုပ်ဖို့ ပြင်ဆင်ဦးမှာပါ။
ဒီဂီယာဟာ ဒီနွေမှာ မန်ချက်စတာ ယူနိုက်တက်ကနေ ထွက်ခွာပြီး ဆော်ဒီကလပ် Al Hilal အသင်းထံ ၃ နှစ် စာချုပ်ဖြင့် ပြောင်းရွှေ့မယ်လို့ သတင်းကြီးလာနေပါတယ်။
ချယ်ဆီးအသင်းဟာ ဗီလာရီးရဲလ် တိုက်စစ်သမား နစ်ကိုးလပ်စ် ဂျက်ဆန် ကို ခေါ်ယူရေး သဘောတူညီမှု ရခဲ့ပြီ လို့ The Athletic သတင်းဌာနက ဖော်ပြလာပါတယ်။ ဂျက်ဆန်က စာချုပ်ဖျက်သိမ်းကြေး ပေါင် သန်း ၃ဝ ရှိပါတယ်။
ပီအက်စ်ဂျီအသင်းနဲ့ လီဗာပူး တိုက်စစ်မှုး မို ဆာလာကြားမှာ အပြောင်းအရွှေ့ကိစ္စ စကားပြောနေခြင်း မရှိဘူးလို့ ဆာလာရဲ့အေးဂျင့်က ထုတ်ဖော် ဖြေရှင်းခဲ့ပါတယ်။
ဘိုင်ယန်မြူးနစ်ဟာ ယူနိုက်တက်က အလိုရှိနေတဲ့ ခံစစ်သမား ကင်မင်ဂျေကို ယူရို သန်း ၆၀ ဖြင့် ခေါ်ယူနိုင်ဖို့ နှုတ်အားဖြင့် သဘောတူညီမှု ရခဲ့ပြီ ဖြစ်ပါတယ်။
