အသင်းပြောင်းလာချင်ရင် ကိုယ်တိုင်လည်း ဝင်လုပ် လို့ ဟယ်ရီကိန်း အား မန်ယူ တွန်းအားပေးပြီ

မန်ချက်စတာ ယူနိုက်တက်ဟာ တော့တင်ဟမ် စပါး တိုက်စစ်မှုး ဟယ်ရီ ကိန်းကို ခေါ်ယူရေး မလွယ်ကူတာကြောင့် စိတ်ဝင်စားမှု သွေးအေးလာပေမယ့် နောက်ဆုံး လုပ်ဆောင်မှု အနေနဲ့ ကစားသမား အား တွန်းအားပေးလိုက်ပါတယ်။

အင်္ဂလန် တိုက်စစ်မှုး ကိန်း ကိုယ်တိုင်ကလည်း လက်ရှိကလပ်ကနေ ထွက်ခွာပြီး မန်ချက်စတာ ယူနိုက်တက်ထံ ပြောင်းရွှေ့ချင်နေတာပါ။ ဒါကြောင့် ယူနိုက်တက် က အသင်းပြောင်းလာချင်ရင် ကိုယ်တိုင်ပဲ ပြောင်းရွှေ့ခွင့် စပါးအသင်းထံ တင်သွင်းဖို့ အသိပေးလိုက်ပါတယ်။

ကိန်းက အသင်းပြောင်းလိုသည့်တိုင် စပါးအသင်း ဥက္ကဌ လီဗိုင်းက သူတို့ အဓိက ကြယ်ပွင့် ကစားသမားကို ပြည်တွင်း ပြိုင်ဘက်ထံ ရောင်းချလိုခြင်း မရှိဘဲ စာချုပ်သစ် ချုပ်ဆိုဖို့သာ စိတ်အားထက်သန်နေပါတယ်။

လီဗိုင်းက ကိန်းကို ရောင်းရမယ် ဆိုရင် ပြည်ပကလပ်ကိုသာ ရောင်းမယ် ဆိုသည့်တိုင် ရီးရဲလ်မက်ဒရစ်ကလည်း တန်ကြေးမြင့်လွန်းတဲ့ အင်္ဂလန် တိုက်စစ်မှုးကို ခေါ်ယူဖို့ နောက်ဆုတ်သွားခဲ့ပါပြီ။ ကိန်းကို ဘိုင်ယန်မြူးနစ်နဲ့ ပီအက်စ်ဂျီ အသင်းတို့ကတော့ စိတ်ဝင်စားမှု ပြသထားပါတယ်။

ယူနိုက်တက်ကတော့ ညှိနှိုင်းရခက်တဲ့ စပါးဥက္ကဌ လီဗိုင်းကို ချဉ်းကပ် မရတာကြောင့် ကိန်းအား အသင်းပြောင်းချင်ရင် Transfer Request တင်ဖို့ ကစားသမားနဲ့ အေးဂျင့် ဖြစ်သူ ချာလီကိန်း အား တွန်းအားပေးလိုက်ပါတယ်။

ကစားသမား ကိုယ်တိုင် ပြောင်းရွှေ့ခွင့် တင်မယ် ဆိုရင်တော့ စပါးအသင်းနဲ့ ယူနိုက်တက် ညှိနှိုင်းမှုမှာ ဟန်ချက် ပြောင်းလဲသွားမှာ ဖြစ်ပြီး လီဗိုင်းကို ယူနိုက်တက်က ပြန်ဖိနင်းကာ ဆွေးနွေးနိုင်မှာ ဖြစ်ပါတယ်။

ကိန်းနဲ့ စပါးအသင်း လက်ရှိ စာချုပ်ဟာ ၂၀၂၄ မှာ ကုန်ဆုံးမှာ ဖြစ်ပြီး ဒီနွေမှာ ကစားသမား ရောင်းချ၊ ဒါမှမဟုတ် သက်တမ်းတိုး အခြေအနေ တစ်ခုခု ထူးမှသာ အလွတ်နဲ့ လက်လွှတ်ရတာကနေ စပါးတို့ ရှောင်လွှဲနိုင်မှာပါ။