ကိုင်စီဒို ပေါင် သန်း ၁ဝဝ ပဲ လို့ တင်းခံနေတဲ့ ဘရိုက်တန်အသင်းနဲ့ ချယ်ဆီးရဲ့ သဘောထား

မွိုက်စ် ကိုင်စီဒို အား ပေါင် သန်း ၁ဝဝ ရမှ ရောင်းမယ်လို့ ဘရိုက်တန် အသင်း ဈေးကိုင်နေပေမယ့် ချယ်ဆီး အသင်းကတော့ ထိုတန်ကြေး အထိ တိုးပေးလိုခြင်း မရှိ ဖြစ်နေပါတယ်။

ကန်တေ၊ ကိုဗာဆစ်၊ လော့ဖ်တပ်ချိခ်တို့ ထွက်ခွာပြီး ဖြစ်တာကြောင့် နည်းပြသစ် ပိုချက်တီနိုက ချယ်ဆီး ကွင်းလယ် ကို အားဖြည့်ချင်နေပါတယ်။

ကိုင်စီဒိုဟာ ချယ်ဆီးရဲ့ ဦးစားပေး ကွင်းလယ် ပစ်မှတ် တစ်ဦး ဖြစ်ပြီး အီကွေဒေါသား အတွက် ဘရိုက်တန်နဲ့ နှစ်သင်း တိုက်ရိုက် ဆွေးနွေးမှုတွေလည်း ပြုလုပ်နေတာပါ။ ဒါပေမယ့် နှစ်သင်းကြား ဆွေးနွေးမှုက ဒီတပတ်ထဲမှာ အခြေမဟန်တော့ကြောင်း ဂါးဒီးယန်း သတင်းက ဖော်ထုတ်လာပါတယ်။

ထိုသတင်း အဆိုအရ ဘရိုက်တန်ဟာ ကိုင်စီဒို အတွက် ပေါင် သန်း ၁ဝဝ အလိုရှိနေပြီး ရိုက်စ် အတွက် အာဆင်နယ် ပေးခဲ့တဲ့ ပေါင် ၁၀၅ သန်း နီးပါးကို ရချင်နေခဲ့တာပါ။

ချယ်ဆီးဘက်ကတော့ ပေါင် သန်း ၈ဝ နဲ့ ကမ်းလှမ်းရင် ဘရိုက်တန်ဆီက လက်ခံသဘောတူညီမှု ရမယ် မျှော်လင့်ခဲ့တာ ဖြစ်ပါတယ်။

ဒီနွေ အစောပိုင်းမှာ ချယ်ဆီးက ကိုင်စီဒို အတွက် ပေါင် သန်း ၆၀ နဲ့ ကမ်းလှမ်းခဲ့သေးပြီး ပယ်ချခံခဲ့ရတယ် လို့ သိရပါတယ်။ ဘရိုက်တန်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီတုန်းက ကိုင်စီဒို အတွက် အာဆင်နယ်ရဲ့ ပေါင် သန်း ၇၀ ကမ်းလှမ်းမှုကိုလည်း ငြင်းဆန် ပယ်ချခဲ့ပါသေးတယ်။

ချယ်ဆီးကတော့ ကိုင်စီဒို အတွက် ပေါင် သန်း ၁ဝဝ ထိ တိုးပေးလိုခြင်း မရှိတာကြောင့် အခြား ပစ်မှတ်များ အတွက်လည်း လှုပ်ရှားလာနေပါပြီ။ ဒီတပတ်ထဲမှာ ဆယ်တာဗီဂို အသင်းမှ ဂါဘရီ ဗီဂါကို ခေါ်ယူရေး ဆွေးနွေးဖို့လည်း ရှိနေကြောင်း သိရပါတယ်။