ဂျူဗင်တပ်အသင်း ကြယ်ပွင့် ကစားသမား ချီယေဆာရဲ့ အေးဂျင့်ဟာ အပြောင်းအရွှေ့ ကိစ္စ စကားပြောဖို့ အင်္ဂလန်ကို ရောက်နေတယ်လို့ သိရပါတယ်။
ဒီသတင်းကို အီတလီဘက်က ဖော်ပြလာနေတာဖြစ်ပြီး ချီယေဆာဟာ ဖီအိုရင်တီးနား အသင်းမှာတည်းက ပရီးမီးယားလိဂ်ကလပ်တွေနဲ့ သတင်းထွက်ထားခဲ့တာပါ။ ဒီနွေမှာ သူ့ကို ခေါ်ယူဖို့ အင်္ဂလန် ထိပ်သီးကလပ်တွေက ချိတ်ဆက်မှုတွေ ရှိနေတာ ဖြစ်ပါတယ်။
ချီယေဆာဟာ မနှစ်ကရာသီ စီးရီးအေပွဲ ၂၁ ပွဲ ကစားခဲ့ကာ အဲ့ထဲက ၆ ပွဲမှာပဲ ပွဲထွက်လူစာရင်းကနေ ပါဝင်ခဲ့တာ ဖြစ်ပါတယ်။ အသက် ၂၅ နှစ်အရွယ် အီတလီသားဟာ ဂျူဗင်တပ်နဲ့ ၂၀၂၅ ခုနှစ်ထိ စာချုပ်ရှိနေတာ ဖြစ်ပါတယ်။
ချီယေဆာရဲ့ အေးဂျင့်ဟာ လီဗာပူး တာဝန်ရှိသူတွေနဲ့ကော နယူးကာဆယ် တာဝန်ရှိသူတွေနဲ့ပါ တွေ့ဆုံမှာဖြစ်ပေမယ့် ကစားသမားဘက်က လိုက်လံ ချိတ်ဆက်ခြင်းလား ကလပ်တွေဘက်က အလိုရှိနေတာလားတော့ မသေချာပါဘူး။
ချန်ပီယံလိဂ် ဝင်ခွင့် ရထားတဲ့ နယူးကာဆယ်ဟာ တိုက်စစ်သမားသစ် ရှာဖွေနေပြီး လက်စတာမှ ဟာဗေးဘန်းစ်နဲ့ သတင်းထွက်ထားပါတယ်။ ငှက်ကျားတွေဟာ အေစီမီလန်မှ တိုနယ်လီကိုလည်း ပေါင် ၅၂ သန်းပေးပြီး ခေါ်ယူထားတာပါ။
လီဗာပူးကတော့ ဇန်နဝါရီမှာ ဆာလာကို အာဖရိကဖလားအတွက် လက်လွတ်ရဖွယ် ရှိနေပြီး အီဂျစ်သားနေရာ ရေရှည် အစားထိုးဖို့ တိုက်စစ်သမား ရှာဖွေရမှာပါ။ ဒါပေမယ့် ဒီရာသီ ရေတို ဖြေရှင်းဖို့က ဆိုဘိုစလိုင်းကို ညာတောင်ပံမှာ အသုံးပြုဖို့ ရည်ရွယ်ထားတယ်လို့လည်း သတင်းထွက်နေတာ ဖြစ်ပါတယ်။