ယူနိုက်တက်နဲ့ ခွာပြဲလာတဲ့ မက်ဂွဲရားကို ခေါ်ယူဖို့ ချယ်ဆီး အံ့အားသင့်ဖွယ် စိတ်ဝင်စားလာ

မန်ချက်စတာ ယူနိုက်တက် အသင်းခေါင်းဆောင် ရာထူးကနေ ဖယ်ရှားခံလိုက်ရပြီ လို့ အင်္ဂလန် နောက်ခံလူ ဟယ်ရီ မက်ဂွဲရားက စိတ်ပျက်စွာ ဝန်ခံ အသိပေးကြေညာသွားခဲ့ပြီးနောက် မန်ချက်စတာကလပ်နဲ့ ခွာပြဲကာ အသင်းပြောင်းဖို့ များနေပြီ ဖြစ်ပါတယ်။

ဒီအချိန်မှာပဲ ပိုချက်တီနို နည်းပြ အဖြစ် ကိုင်တွယ်နေတဲ့ ချယ်ဆီး အသင်းက မက်ဂွဲရားကို ခေါ်ယူဖို့ အံ့အားသင့်ဖွယ် စိတ်ဝင်စားနေကြောင်း သတင်းထွက်ပေါ်လာပါတယ်။

မက်ဂွဲရားဟာ အသင်းခေါင်းဆောင် ရာထူးကနေ ဖယ်ရှားခံရတဲ့ အကြောင်း အသိပေး စာ တင်ခဲ့ရမှာ သူ့ရဲ့ ဝမ်းနည်း အမျက်ထွက် စိတ်ပျက်နေမှုကို ဖုံးကွယ်မထားဘဲ ထည့်သွင်း ဖော်ပြခဲ့ပါတယ်။

ပြီးခဲ့တဲ့ရာသီမှာလည်း မက်ဂွဲရားက တစ်ရာသီလုံးနီးပါး အရန်ခုံမှာသာ အချိန်ကုန်ဆုံးခဲ့ရတာ ဖြစ်ပါတယ်။ ဒီနွေမှာ မက်ဂွဲရား အတွက် ကမ်းလှမ်းမှုကောင်း ရရင် ရောင်းချဖို့လည်း ယူနိုက်တက် က ပြင်ဆင်ထားတာပါ။

ဒါပေမယ့် ပြောင်းရွှေ့ကြေးကို ပေါင် သန်း ၅ဝ လို့ ဆိုထားတာကြောင့် မက်ဂွဲရားကို ခေါ်မယ့် အသင်း ပေါ်ထွက်မလာသေး ဖြစ်နေပါတယ်။

မက်ဂွဲရား ကို ခေါ်ယူဖို့ တော့တင်ဟမ်စပါး၊ နယူးကာဆယ်နဲ့ ဝက်စ်ဟမ်း အသင်းတို့က စိတ်ဝင်စားဟန် ပြသထားပြီး အခု နောက်ဆုံး အနေနဲ့ ချယ်ဆီး အသင်းပါ ပါဝင်လာပါတယ်။

မက်ဂွဲရားက ယူနိုက်တက် နဲ့ စာချုပ် ၂နှစ် ကျန်ရှိနေသေးပြီး လက်ရှိ လစာ တစ်ပတ် ပေါင် ၂ သိန်းလောက် ရနေတာကြောင့် အသင်းပြောင်းမယ် ဆိုရင် လစာ လျှော့ယူဖို့လည်း စဉ်းစားရဖွယ် ရှိပါတယ်။