အမေရိကန် ရာသီကြို ခရီးစဉ်ရဲ့ ပထမဦးဆုံး ခြေစမ်းပွဲ ဖြစ်တဲ့ Wrexham နဲ့ ပွဲအပြီးမှာ ချယ်ဆီးနည်းပြ ပိုချက်တီနိုက သူ့အသင်းမှာ ကစားသမားတွေ အရမ်း များလွန်းနေတယ်လို့ ထုတ်ဖော်ပြောဆိုလိုက်တာကြောင့် ကစားသမား ရောင်းချမှုတွေ ဆက်ရှိဖွယ် ရှိပါတယ်။
အဲဗာတန်အသင်းဟာ ဗီလာရီးရဲလ် ကစားသမား ဒန်ဂျူးမားကို အငှားနဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရသွားခဲ့ပြီး ဒီနေ့မှာ ဆေးစစ်မှု ခံယူမှာ ဖြစ်ပါတယ်။
စပါးအသင်းဟာ ချယ်ဆီးမှ ကော်နာ ဂလယ်ဟာနဲ့ အက်စတွန်ဗီလာ အသင်းမှ ဒေါက်ဂလပ် လူးဝစ်စ် တို့ကို ချိန်ရွယ်နေပါတယ်။
ဖူလ်ဟမ်က မီထရိုဗစ် အတွက် ဆော်ဒီကလပ် အယ်ဟီလယ် အသင်းရဲ့ ကမ်းလှမ်းမှုကို ငြင်းဆန်ခဲ့ပြီး ပေါင် ၅၂ သန်း လို့ ဈေးသတ်မှတ်လိုက်တဲ့ အပေါ် ကစားသမားကတော့ အမျက်ထွက်နေပါတယ်။ ဖူလ်ဟမ် အသင်းအတွက် ဘယ်တော့မှ မကစားပေးတော့ဘူးလို့လည်း မီထရိုဗစ်က သူ့ အသိုင်းအဝိုင်းမှာ ဒေါသတကြီး ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
ဂိုးသမား အိုနာနာက မန်ချက်စတာ ယူနိုက်တက်နဲ့ ဆေးစစ်၊ လက်မှတ်ထိုး ပြီးစီးပြီ ဖြစ်ပြီး အသင်းဖော်တွေ ရှိရာ နယူးယောက်သို့ ဒီနေ့ လိုက်သွားတော့မှာ ဖြစ်ပါတယ်။ တရားဝင် ကြေညာမှုကိုလည်း မကြာခင် ပြုလုပ်တော့မှာပါ။
လီဗာပူး အသင်းခေါင်းဆောင် ဂျော်ဒန် ဟန်ဒါဆန်ဟာ ဆော်ဒီပရိုလိဂ်ကလပ် အယ် အက်တီဖတ် အသင်းထံ ပြောင်းရွှေ့ကြေး ပေါင် ၁၂ သန်း + ထပ်ဆောင်းကြေးတွေနဲ့ ပြောင်းရွှေ့ဖို့ သဘောတူညီမှု ရသွားခဲ့ပြီ ဖြစ်ပါတယ်။
လိုက်ဇစ် ခံစစ်မှူး ဂါဗာဒီယိုဟာ မန်စီးတီးအသင်းထံ ပြောင်းရွှေ့ပါတော့မယ်။ ကလပ်နှစ်သင်းကြား ပြောင်းရွှေ့ကြေး သဘောတူညီမှုရခဲ့ကာ ခရိုအေးရှား ခံစစ်မှူးက မန်ချက်စတာ ကလပ်နဲ့ ပထမပိုင်း ဆေးစစ်မှု ပြီးမြောက်ထားပါပြီ။
မန်စီးတီးနဲ့ ဆော်ဒီကလပ် Al Ahli အသင်းတို့ဟာ မာရက်ဇ်ရဲ့ ပြောင်းရွှေ့ကြေးကို ယူရို ၃၅ သန်းဖြင့် သဘောတူညီခဲ့ကြပါပြီ။ မန်စီးတီးက မာရက်ဇ် နေရာအတွက် ဘာစီလိုနာ ကစားသမား ရာဖင်ညာ ကို ပြန်ခေါ်ဖို့ ပစ်မှတ်ထားနေပါတယ်။
ဝေါ်ကာက မန်စီးတီးအသင်း ရှိရာ ဂျပန်သို့ သွားနေပေမယ့် ဘိုင်ယန်မြူးနစ် အသင်းထံ ပြောင်းရွှေ့ချင်ကြောင်း နည်းပြ ပက် ဂွာဒီယိုလာအား အသိပေးထားပြီး ဖြစ်ပါတယ်။ ကလပ် နှစ်သင်းကြား သဘောတူညီမှုကတော့ မရနိုင်သေးပါဘူး။