ငယ်ရွယ် ခြေစွမ်းထက် ကွင်းလယ် ကစားသမားကို မန်စီးတီးထက် နှာတဖျား အသာနဲ့ ချယ်ဆီး ခေါ်ယူနိုင်ဖွယ် ရှိ

ပရီးမီးယားလိဂ် အင်အားကြီး ကလပ်တွေဖြစ်တဲ့ ချယ်ဆီးအသင်းနဲ့ မန်စီးတီးတို့ဟာ ဒီဈေးကွက်မှာ အပြောင်းအရွှေ့ အတွက် ထိပ်တိုက်တွေ့မှု ဖြစ်လာဖွယ် ရှိပါတယ်။

ကလပ်နှစ်သင်းလုံးဟာ ပဲလေစ့်အသင်းမှ လူငယ် ကစားသမား အိုလစ်ကို ခေါ်ယူလိုနေတာပါ။ ဒါပေမယ့် အနာဂတ် ပလန်ကောင်းတွေ တင်ပြနိုင်မယ့် လက်သွက်တဲ့ ကလပ်ကပဲ အသက် ၂၁ နှစ်အရွယ် ပြင်သစ်သားကို ခေါ်ယူနိုင်ဖွယ် ရှိနေပါတယ်။

အာဆင်နယ်၊ လီဗာပူးနဲ့ ပီအက်စ်ဂျီတို့က ခေါ်ယူလိုကြောင်း သတင်းထွက်ထားဖူးတဲ့ အိုလစ်ဟာ သူ့ရဲ့ တိုးတက်မှု အတွက် ပဲလေစ့်မှာ တစ်ရာသီ ဆက်နေဖို့ ဆုံးဖြတ်ခဲ့တာပါ။ သူဟာ လွန်ခဲ့တဲ့ ၂ နှစ်တုန်းက ရီးဒင်းအသင်းကနေ ပဲလေစ့်ကို ပေါင် ၈ သန်းဖြင့် ပြောင်းလာခဲ့သူ ဖြစ်ပါတယ်။

တိုက်စစ်အားသန်တဲ့ ကွင်းလယ် ကစားသမား အိုလစ် ဟာ မနှစ်ကရာသီမှာ ဂိုးထောက်ပံ့မှု ၁၁ ကြိမ်ထိ လုပ်နိုင်ခဲ့ပြီး သူ့ရဲ့ အရည်အချင်းကို ထိပ်သီးကလပ်တွေက သတိပြုမိလာနေပါတယ်။

ထူးခြားမှုကတော့ အိုလစ်ဟာ ချယ်ဆီး အကယ်ဒမီမှာ ၇ နှစ်ကြာ နေသွားခဲ့သူဖြစ်ကာ မန်စီးတီး အကယ်ဒမီမှာ ၃ နှစ် ထပ်မံ ပညာသင်ယူခဲ့ပါတယ်။ အဲ့နောက်မှ သူက ရီးဒင်းအသင်းထံ ရောက်ရှိခဲ့ပြီး လက်ရှိ ပဲလေစ့်ကို ရောက်လာတာပါ။

ကစားသမားနဲ့ ပဲလေစ့်ကြား စာချုပ်မှာတော့ ပေါင် ၃၅ သန်းပေးရင် ခေါ်ယူနိုင်ခွင့် ပါဝင်ထားပါတယ်။ ချယ်ဆီးကတော့ အကယ်ဒမီ ကစားသမားဟောင်းကို လက်မှတ်ထိုးနိုင်ဖို့ စာချုပ်ပါကြေးထက် ပိုပေးကာ ပေါင် ၃၉ သန်းဖြင့် ကမ်းလှမ်းထားတယ် လို့ သိရပါတယ်။

နောက်ဆုံး ထွက်ပေါ်လာတဲ့ သတင်းတွေ အရ ချယ်ဆီးဟာ အိုလစ်ကို ခေါ်ယူရေး ပုဂ္ဂိုလ်ရေး သဘောတူညီမှု ရသွားသလို ပြောင်းရွှေ့ကြေးလည်း ယေဘူယျအားဖြင့် အဆင်ပြေနေပြီ လို့လည်း သိရပါတယ်။