အမ်ဘာပေ တောင်းဆိုချက်၊ ခရွန်ကီနဲ့ တွေ့တဲ့ အာတီတာ၊ ဘာလိုဂန် သီးခြားလေ့ကျင့်မှုနဲ့ နောက်ဆုံးရ အာဆင်နယ် သတင်းများ

ဒီမနက်မှာပဲ နည်းပြ အာတီတာဟာ အာဆင်နယ် အသင်းပိုင်ရှင် ခရွန်ကီနဲ့ သူ့သားကို လော့စ်အိန်ဂျလိစ် လေ့ကျင့်ရေးမှာ တွေ့ဆုံခဲ့ပါတယ်။

အာဆင်နယ် နောက်ခံလူ ဇင်ချန်ကိုဟာ သူ့ရဲ့ ခြေသလုံး ကြွက်သား ဒဏ်ရာကနေ ပြန်သက်သာလာဖို့ တစ်ဦးချင်း လေ့ကျင့်ရေးတွေ စတင် ကြိုးစားနေပြီ ဖြစ်ပါတယ်။

တိုက်စစ်သမား ဘာလိုဂန်ဟာ လော့စ်အိန်ဂျလိစ်မှာ နည်းပြအာတီတာရဲ့ ပြင်းထန်တဲ့ လေ့ကျင့်ရေးတွေမှာ မပါဝင်ဘဲ တစ်ဦးချင်း နည်းပြနဲ့ပဲ သီးခြား လေ့ကျင့်ရေး ဝင်ခဲ့ပါတယ်။

ဘာလိုဂန်ကို စီးရီအေဘက်က ကလပ်တွေက အလိုရှိနေတာဖြစ်ပြီး ပေါင် ၃၅ သန်း ဝန်ကျင်တန်မယ့် အပြောင်းအရွှေ့ ကိစ္စ မစတင်ခင် ဒဏ်ရာ ပြဿနာ ကင်းစင်နေဖို့ အာဆင်နယ်ဘက်က ဂရုစိုက်ပေးနေတာမျိုး ဖြစ်နိုင်ပါတယ်။

အေဂျက် ကွင်းလယ်လူ ခူးဒက်စ်ကို အာဆင်နယ်ဘက်က စိတ်ဝင်စားပေမယ့် သူ့ကို ခေါ်ယူရေး ချယ်ဆီးက ရှေ့ကို ပိုရောက်လာနေပါတယ်။

ပီအက်စ်ဂျီ ကြယ်ပွင့် အမ်ဘာပေ ကို ရဖို့ မာတင်နယ်လီကို အလိုက်ပေး ကမ်းလှမ်းရန် အာဆင်နယ် ပရိသတ်တွေကတော့ နည်းပြ အာတီတာထံ တောင်းဆိုနေကြပါတယ်။

အာဆင်နယ်အသင်းဘက်က ဘာစီလိုနာ တိုက်စစ်သမား ဖာရန် တောရက်စ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေဆဲပါ။ တောင်ပံတိုက်စစ်သမား တစ်ဦး ထပ်ရဖို့ အာတီတာက အလိုရှိနေတယ်လို့ သိရပါတယ်။

ကိုင်ဟာဗက်က အင်္ဂလန်လက်ရွေးစင် ဆာကာကို ဂျာမနီအသင်းမှာ တွဲကစားခွင့်ရလိုတယ်လို့ ပြောဆိုခဲ့ပြီး ဆာကာက အာဆင်နယ်မှာလည်း တွဲကစားမှာပဲလေလို့ ရယ်မောပြီး တုန့်ပြန်ပါတယ်။

အစွန် နောက်ခံလူ တီရာနေးက အာဆင်နယ်မှာ ဆက်ရှိနေမလားဟာ သူ့အပေါ် မူတည်နေခြင်း မရှိဘဲ သူကိုယ်တိုင်ကတော့ အကောင်းဆုံး ကြိုးစားဖို့ပဲ အာရုံစိုက်နေကြောင်း ထုတ်ပြောလာပါတယ်။