ဝက်စ်ဟမ်း ချိတ်ဆက်လာတဲ့ တော်မီနေး အတွက် ယူနိုက်တက်က ပြောင်းရွှေ့ကြေးကြီး ဈေး သတ်မှတ်

မန်ချက်စတာ ယူနိုက်တက်ဟာ ဝက်စ်ဟမ်း ခေါ်ယူဖို့ ချဉ်းကပ်လာတဲ့ ကွင်းလယ် ကစားသမား မက် တော်မီနေး အတွက် မြင့်မားတဲ့ ပြောင်းရွှေ့ကြေး တစ်ရပ် သတ်မှတ်လိုက်ပါတယ်။

ပေါင် ၁၀၅ သန်းနဲ့ ဒီကလန်ရိုက်စ်ကို လက်လွှတ်လိုက်ရတဲ့ ဝက်စ်ဟမ်း အသင်းဟာ ယူနိုက်တက်ရဲ့ အသက် ၂၆ နှစ် အရွယ် ကွင်းလယ် ကစားသမားကို အစားထိုး ခေါ်ယူဖို့ လှုပ်ရှားလာတာပါ။

ဝက်စ်ဟမ်း နည်းပြ ဒေးဗစ် မိုယက်စ်ဟာ တော်မီနေးကို သဘောကျသူ ဖြစ်ပြီး ယူနိုက်တက်ကတော့ သူတို့ အကယ်ဒမီ ထွက်ကို အလောတကြီး ရောင်းလိုတာ မဟုတ်တာကြောင့် ဈေးမြှင့်ကာ စိတ်ကြိုက်မာနိုင်တဲ့ အနေအထား ရှိနေပါတယ်။

ယူနိုက်တက်ဟာ တော်မီနေး အတွက် ပေါင် ၄၅ သန်း လို့ ဈေးသတ်မှတ်ထားပြီ ဖြစ်ပြီး အင်္ဂလန် သတင်းတွေ အဆို အရ ပြောင်းရွှေ့ကြေး သန်း ၄ဝ – ၄၅ လောက် ဝက်စ်ဟမ်း ပေးလာရင် အပြောင်းအရွှေ့ ဖြစလာနိုင်တယ် လို့ သိရပါတယ်။

နည်းပြ တန်ဟက်ဟာ တော်မီနေးကို ပွဲထွက် ပုံမှန် သုံးသူ မဟုတ်ပေမယ့် အသင်း ကစားသမား အဖြစ် ဆက်ထိန်းထားဖို့ အလိုရှိနေပါတယ်။ ဒါပေမယ့် စိတ်ကြိုက် ပြောင်းရွှေ့ကြေး ပမာဏ ရရင်တော့ လက်လွှတ်မှာပါ။

ကစားသမားဘက်ကတော့ အိုးထရက်ဖို့ဒ်မှာ ဆက်နေဖို့ လမ်းဖွင့်ထားဆဲ ဖြစ်ပေမယ့် နောက်ရာသီ ပွဲကစားခွင့်လည်း ပိုရချင်နေပါတယ်။ ယူနိုက်တက်မှာ အရန်ခုံမှာပဲ ဆက်ထိုင်ရမယ် ဆိုရင်တော့ တော်မီနေးက ပျော်ရွှင်နိုင်ဖွယ် မရှိပါဘူး။

တချိန်တည်းမှာပဲ ဝက်စ်ဟမ်းဟာ တော်မီနေး အပြင် ယူနိုက်တက် နောက်ခံလူ ဟယ်ရီ မက်ဂွဲရား ကိုလည်း ခေါ်ယူလိုနေပါတယ်။ ဒါပေမယ့် မက်ဂွဲရား ကို အငှားနဲ့ ခေါ်ယူဖို့ပဲ ကြိုးစားတာကြောင့် ယူနိုက်တက်ကတော့ ငြင်းဆန် ပယ်ချထားပါတယ်။