မန်စီးတီးဟာ လိုက်ပ်ဇစ် နောက်ခံလူ ဂဗာဒီအော အတွက် ကမ္ဘာ့ ဈေးအကြီးဆုံး နောက်ခံလူ ဖြစ်လာစေမယ့် ယူရို သန်း ၁ဝဝ ကမ်းလှမ်းမှု တင်သွင်းရန် ပြင်ဆင်နေပါတယ်။
ဆောက်သမ်တန် ကွင်းလယ်လူ လာဗီယာအတွက် ပေါင် ၃၇ သန်း ကမ်းလှမ်းမှု ပယ်ချခံရပြီးနောက် လီဗာပူးက နောက်ထပ် ကမ်းလှမ်းမှု ပြင်ဆင်နေပါပြီ။ လာဗီယာ အတွက် စိန့်တွေက ပေါင် သန်း ၅၀ အလိုရှိနေတာပါ။
ယူနိုက်တက် ဂိုးသမား ဒင်းဟန်ဒါဆန်နဲ့ နော်တင်ဟမ် ဖောရက်စ်ကြား အပြောင်းအရွှေ့ ဆွေးနွေးနေမှုဟာ အကောင်းမြင်စရာ အခြေအနေကို ရောက်ရှိလာနေပြီ ဖြစ်ပါတယ်။
စပါးတိုက်စစ်မှူး ဟယ်ရီကိန်းကို ခေါ်ယူနိုင်မယ်လို့ ဘိုင်ယန်မြူးနစ်ဘက်က ပိုမို ယုံကြည်ချက် ရှိလာပါတယ်။ ဘိုင်ယန်ဘက်က ပြောင်းရွှေ့ကြေး တိုးပေးမယ့် သဘောထားတွေ ပြသလာတာပါ။
နောက်ခံလူ ကိုင်လီဝေါ်ကာကို ဘိုင်ယန်မြူးနစ်နဲ့အပြိုင် မန်စီးတီးကလည်း အသင်းမှာ ဆက်ထိန်းထားဖို့ စည်းရုံးနေပါတယ်။
မက်ဂွဲရားဟာ ပုံမှန်ပွဲထွက်ခွင့်အတွက် မန်ချက်စတာ ယူနိုက်တက်ကို စွန့်ခွာပြီး ပြိုင်ဘက် ပရီးမီးယားလိဂ် ကလပ်တွေထံ ပြောင်းရွှေ့ဖွယ် ရှိနေပါတယ်။
ဝက်စ်ဟမ်းအသင်းဟာ ယူနိုက်တက် အတွဲဖြစ်တဲ့ မက်ဂွဲရားနဲ့ တော်မီနေးတို့ နှစ်ဦးကို ခေါ်ယူဖို့ စိတ်ဝင်စားပါတယ်။ လန်ဒန်ကလပ်ကတော့ အပြောင်းအရွှေ့ ဖြစ်မြောက်ဖို့ ပြောင်းရွှေ့ကြေးကြီးတွေ မလိုဘူးလို့ ယူဆနေပါတယ်။
ကိုင်ဆီဒို ဆက်နေမယ်ဆိုရင်လည်း ပျော်ရွှင်မှာဖြစ်ပေမယ့် ဘရိုက်တန်ဘက်ကတော့ ကွင်းလယ်လူကို ထွက်ခွင့်ပေးပြီး နောက်ထပ် ကွင်းလယ်လူသစ်နဲ့ ကစားဖို့ကို ပြင်ဆင်ထားကြောင်း နည်းပြဒီဇာဘီက ဆိုပါတယ်။