အမ်ဘာပေ ကို အပြတ် မဝယ်နိုင်ပေမယ့် အားလုံး ကျေနပ်မယ့် အချက်တွေနဲ့ ကမ်းလှမ်း လှုပ်ရှားလာတဲ့ လီဗာပူး

လီဗာပူးအသင်းဟာ ပီအက်စ်ဂျီအသင်း ရှင်းထုတ်ချင်နေတဲ့ တိုက်စစ် ကြယ်ပွင့် အမ်ဘာပေကို အပြတ် မဝယ်ယူနိုင်ပေမယ့် တစ်နှစ် အငှားနဲ့ ခေါ်ဖို့ ပြောဆို ဆွေးနွေးနေကြောင်း သတင်း ထွက်ပေါ်လာပါတယ်။

ပြင်သစ်သားဟာ ပီအက်စ်ဂျီနဲ့ စာချုပ် ၁၂လ ကျန်ရှိနေပြီး သက်တမ်းတိုး စာချုပ် ထပ်ချုပ်ဖို့ ငြင်းဆန်ထားပါတယ်။ ဘာပေက တစ်ရာသီ ပီအက်စ်ဂျီမှာ ရအောင်နေပြီး စာချုပ်ကုန်ချိန်မှာ သူ့ အိပ်မက် ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ် အသင်းထံ အလွတ်နဲ့ ပြောင်းရွှေ့ဖို့ ရည်ရွယ်ထားတာပါ။

ပီအက်စ်ဂျီကလည်း ဘာပေကို အလွတ်နဲ့ မလွှတ်နိုင်ဘဲ ဒီနွေမှာ ရအောင် ရောင်းဖို့ ကြိုးစားနေပြီး ပေါင် သန်း ၂ဝဝ ကျော် ပေးဖို့ ဈေးခေါ်ထားပါတယ်။ ဒီဈေးကို ပေးနိုင်တဲ့ ဆော်ဒီပရိုလိဂ် ကလပ်က ယူရို သန်း ၃ဝဝ ပေးကာ ကမ်းလှမ်းလာခဲ့ပေမယ့် ပီအက်စ်ဂျီက လက်ခံသည့်တိုင် ကစားသမားက ခါးခါးသီးသီး ငြင်းဆန်ထားပါတယ်။

သူတို့ရဲ့ အသည်းကျော် ကြယ်ပွင့် ကစားသမားဆီကနေ တခုခုတော့ ရလိုနေတဲ့ ပီအက်စ်ဂျီဟာ ရောင်းမရရင်တောင် အငှားကြေး တစ်ခုခုနဲ့ လက်လွှတ်ဖို့ လမ်းဖွင့်လာခဲ့ပြီ ဖြစ်ပါတယ်။

ဒီလို အချိန်မှာပဲ လီဗာပူးအသင်းက ကြေးကောင်းကောင်းနဲ့ ဘာပေကို တစ်နှစ် အငှားနဲ့ ခေါ်ယူဖို့ ချိတ်ဆက် လာကြောင်း ဒေးလီးမေးလ် သတင်းက ဖော်ပြလာပါတယ်။

လီဗာပူးအသင်းရဲ့ ကမ်းလှမ်းမှုဟာ ကလပ်နှစ်သင်းတင် မက ကစားသမားပါ စိတ်ကျေနပ်လောက်မယ့် အကျိုးအမြတ်တွေ ပါဝင်နေတယ်လို့ ဆိုပါတယ်။ အငှား သာ ဖြစ်မြောက်ရင် ပီအက်စ်ဂျီကလည်း ငွေရမှာ ဖြစ်သလို ဘာပေကလည်း တစ်နှစ် လီဗာပူးမှာ နေပြီး နောက်နှစ်နွေမှာ ရီးရဲလ်ထံ လွတ်လွတ်လပ်လပ် ပြောင်းရွှေ့နိုင်မှာပါ။

ဘာပေနဲ့ လီဗာပူးဟာ ၂၀၁၈ တုန်းက အပြောင်းအရွှေ့ သတင်း အတော်ထွက်ခဲ့သေးပြီး ကစားသမား ကိုယ်တိုင် ကလည်း လီဗာပူးအသင်းကို အမြဲ ချီးကျူး အကောင်းမြင်စကား ဆိုလေ့ ရှိခဲ့တာ ဖြစ်ပါတယ်။