ချယ်ဆီး အသင်း ဟာ ပြင်သစ်ကလပ် ရေးနက်စ် အသင်းထံမှ ကွင်းလယ် လူငယ်ကြယ်ပွင့်လေး လက်စလေ အူဂိုချူကူ အား ပေါင် ၂၃.၅ သန်းဖြင့် ခေါ်ယူရန် သဘောတူညီမှု ရရှိခဲ့ပါတယ်။
ချယ်ဆီးဘက်က အူဂိုချူကူကို စီနီယာအသင်းထံ တိုက်ရိုက် အသုံးပြုမလား ဒါမှမဟုတ် တစ်ရာသီ အငှား ချမလားကိုတော့ အခုချိန်မှာ ဆုံးဖြတ်ရခြင်း မရှိသေးပါဘူး။ ပြင်သစ်သားဟာ ကွင်းလယ်အဖျက်နဲ့ ကွင်းလယ် အတွင်းလူနေရာတွေမှာ ကစားသူဖြစ်ပါတယ်။
အသကျ ၁၉ နှစ်သာ ရှိသေးတဲ့ကွင်းလယ် ကစားသမားလေးဟာ ဂန်းနား ဂန္တဝင်ကြီး ဖြစ်တဲ့ ပက်ထရစ် ဗီအဲရာ လက်သစ် အဖြစ် နာမည်ကြီးနေသူလည်း ဖြစ်ပါတယ်။
အူဂိုချူကူ ကိုယ်တိုင်ကလည်း ဗီအဲရာ ကို ကြည့်ပြီး ငယ်တည်းက အားကျ နှစ်သက်ခဲ့ရကြောင်း အင်တာဗျူး တစ်ခုမှာ ထုတ်ဖော် ပြောဆိုဖူးပါတယ်။
” ကျနော် ငယ်တုန်းက ဗီအဲရာ၊ ပေါ့ဘာတို့လို ကစားသမားတွေရဲ့ စကေးလ်တွေ YouTube ကနေ ကြည့်ခဲ့ရတာပါ။ သူတို့ ကစားပုံက ကျနော့်ကို အများကြီး အားကျစေခဲ့လို့ သူတို့ ပုံစံ လိုက်ကစားမိပါတယ်။ ” လို့ အူဂိုချူကူ က ဆိုခဲ့တာပါ။
အရပ် ၆ ပေ ၂ လက်မ တောင် ရှည်တဲ့ အူဂိုချူကူ ဟာ ကာယာ အားပြု ကြံ့ခိုင်တဲ့ ကွင်းလယ် ကစားသမား ဖြစ်ပြီး ပြိုင်ဘက်တွေကို အေးအေးဆေးဆေး ကျော်ဖြတ်နိုင်သူ တားဆီးနိုင်သူလည်း ဖြစ်ပါတယ်။ ၎င်းက ရေးနက်စ် မြို့မှာ မွေးပြီး ရေးနက်စ် အကယ်ဒမီကို အသက် ၈ နှစ်သားတည်းက ရောက်နေခဲ့သူပါ။
ငယ်ရွယ်ပြီး ပင်ကိုယ် ထူးချွန်မှုတွေ ရှိပေမယ့် အူဂိုချူကူ ဟာ ပရီးမီးယားလိဂ် အတွက်တော့ အသင့်သုံး အနေအထား မဟုတ်သေးတာကြောင့် အငှား ထွက်ကစားကာ အတွေ့အကြုံတွေ ရှာရဖွယ် ရှိပါတယ်။
ချယ်ဆီးအသင်းကတော့ အလားအလာ ကောင်းတွေ ရှိထားတဲ့ ဗီအဲရာ လက်သစ် ကွင်းလယ် လူငယ်လေးကို တိတ်တိတ်ဆိတ်ဆိတ်ပဲ ပါးနပ်စွာ ခေါ်ယူနိုင်ခဲ့ပြီ ဖြစ်ပါတယ်။