ဂါဗာဒီအော ကမ်းလှမ်းထားမှု၊ စံချိန်တင် စပွန်ဆာ ရခြင်း၊ ဒီအပတ်ထဲ ထူးမယ့် ဖရက်ဒ်နဲ့ နောက်ဆုံးရ မန်ချက်စတာ ယူနိုက်တက် သတင်းများ

မန်ချက်စတာ ယူနိုက်တက်နဲ့ Adidas တို့ဟာ နောက်ထပ် ၁၀ နှစ် သက်တမ်းတိုးခဲ့ကြပြီ ဖြစ်ပြီး တစ်ရာသီကို ပေါင် သန်း ၉၀ နှုန်းဖြင့် ပေါင် သန်း ၉၀၀ တန်ကြေးရှိမှာဖြစ်ကာ ဒါဟာ ပရီးမီးယားလိဂ် သမိုင်းမှာ အကြီးမားဆုံးသော စပွန်ဆာ တစ်ခုပဲ ဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်နဲ့ လီဗာပူးအသင်းတို့ကလည်း လိုက်ပ်ဇစ် နောက်ခံလူ ဂါဗာဒီအော ကို စိတ်ဝင်စားနေကြပြီး ကမ်းလှမ်းမှုတွေလည်း အသီးသီး ပြုလုပ်ထားောကာင်း စပိန်သတင်းတွေက ဖော်ထုတ်လာပါတယ်။

ဂါဗာဒီအော ကို မန်စီးတီးက အလေးအနက် ချိတ်ဆက်နေပြီး ပေါင် ၈၆ သန်းနဲ့ သဘောတူညီမှု ရပြီလို့လည်း သတင်းထွက်ထားတာပါ။

ယူနိုက်တက်ဟာ ဒီတပတ်ထဲမှာ ဖရက်ဒ်ကို ရောင်းချနိုင်မယ် လို့ ရည်မှန်းထားပါတယ်။ ဂါလာတာစာရေးကလည်း ဖရက်ဒ်ကို ခေါ်ယူရေး ဒီရက်ပိုင်း အတွင်း တွန်းအားပေး လှုပ်ရှားနေသလို ဆော်ဒီနဲ့ တခြား ကလပ်တွေဆီလည်း ဖရက်ဒ် ရောက်သွားနိုင်တယ် လို့ သတင်းထောက် ရိုမန်နိုက ဆိုပါတယ်။

ဒင်း ဟန်ဒါဆန်ရဲ့ နော့တင်ဟမ် ဖောရက်စ်ထံ အပြီး ပြောင်းရွှေ့ရေးဟာ အခက်အခဲကြီး တစ်ခု ကြုံလာပြီ ဖြစ်ပါတယ်။ ဖောရက်စ်ဟာ အာဆင်နယ် ဂိုးသမား မက် တန်နာကို ခေါ်ယူဖို့ ကြိုးစားလာတာကြောင့် ဟန်ဒါဆန် ကိစ္စက မှေးမှိန်သွားတာပါ။

ဂိုးသမား အိုနာနာက ဒေါ့မွန်နဲ့ ပွဲမှာ မက်ဂွဲရားကို အော်ငေါက်ခဲ့တာမျိုးက မျှော်လင့်ထားတဲ့ ကိစ္စလောက်ပဲ ဖြစ်တယ်လို့ လုခ်ရှောက ဆိုပါတယ်။ အိုနာနာက ခံစစ်သမားတွေကို အမှားမလုပ်အောင် ထိန်းပေးနိုင်မယ်လို့ ရှောက မျှော်လင့်ထားတာပါ။