အိုဇေးနဲ့ ဆင်ပြီး စွယ်စုံရ ကစားနိုင်တဲ့ ဂန်းနား တိုက်စစ်သမားကို တခုတ်တရ ချီးကျူးလိုက်တဲ့ အိုဝင်ဟားဂရေ့ဗ်

လူစာရင်းမှာ အင်အားဖြည့်မှုကောင်းတွေ ပြုလုပ်နေတဲ့ အာဆင်နယ်ဟာ ဒီအပတ်မှာ မန်စီးတီးနဲ့ ကွန်မြူနတီဒိုင်း ယှဉ်ပြိုင်ခြင်းနဲ့အတူ ဘောလုံးရာသီသစ် တစ်ခုကို စတင်သွားရမှာပဲ ဖြစ်ပါတယ်။

ဒီနွေမှာ ကိုင်ဟာဗက်၊ ဒီကလန်ရိုက်စ်နဲ့ တင်ဘာတို့လို ကစားသမားတွေကို ပေါင် သန်း ၂၀၀ အကုန်အကျခံ ခေါ်ယူထားခဲ့တဲ့ အာဆင်နယ်အသင်းမှာ သူသဘောကျရတဲ့ ကစားသမားနဲ့ ပတ်သက်လို့ ပရီးမီးယားလိဂ် ကွင်းလယ်လူဟောင်း ဟားဂရေဗ့်က အခုလို ထုတ်ဖော် ချီးကျူးခဲ့ပါတယ်။

‘ ကျနော်တော့ ကိုင်ဟာဗက် ကို သဘောကျတယ်။ သူက အတော်လေး အရည်အချင်းရှိတဲ့ ကစားသမားပဲ။ သူ့ရဲ့ ခန္ဓာကိုယ် လှုပ်ရှားမှုက အိုဇေးနဲ့ဆင်တယ်။ ဘောလုံး ပိုင်ဆိုင်မှု ၇၀% လောက်ရှိတဲ့ အာဆင်နယ်အသင်း ကွင်းလယ်မှာ သူကစားနိုင်ပါတယ်။

သူကို ရလိုက်တာက ဆာကာ၊ အိုဒီဂတ်၊ ဂျေးဆုတို့ကို အနားပေးလို့ရမယ့် အခွင့်အရေးကြီးပါပဲ။ သူတို့ ၃ ဦးလုံးရဲ့ နေရာမှာ ဟာဗက် ကစားနိုင်ပါတယ်။ နောက်ပြီး သူက ပိုပြီး အတွင်းကျတဲ့ ကွင်းလယ်လူ နေရာမှာပါ ကစားနိုင်တယ်။

အတွင်း အကျဆုံး နေရာက ကစားနိုင်ဖို့ အခက်ဆုံးပါပဲ။ အဲ့မှာ ကစားနိုင်အောင်ကို ဟာဗက်က အရည်အချင်း ရှိသူပါ။ ’ လို့ အိုဝင် ဟားဂရေဗ့်က မှတ်ချက်ပေးခဲ့ပါတယ်။

အာဆင်နယ်ဟာ ဒီရာသီမှာ ကောင်းမွန်တဲ့ အနေအထား တစ်ခုကို ပိုင်ဆိုင်နိုင်ဖို့ လူအင်အား ဖြည့်တင်းမှုတွေ ဆက်တိုက် ပြုလုပ်နေခဲ့ပါတယ်။