ချယ်ဆီးနဲ့ သတင်းကြီးလာတဲ့ တိုက်စစ်ကြယ်ပွင့် နေမာ အတွက် ပီအက်စ်ဂျီ အသင်း ဈေး သတ်မှတ်

ပီအက်စ်ဂျီ အသင်းဟာ ဒီနွေမှာ မက်ဆီနဲ့ လမ်းခွဲပြီးတဲ့နောက် နေမာနဲ့ အမ်ဘာပေကိုလည်း ရှင်းထုတ်ဖို့ ကြိုးစားနေပါတယ်။ ဘရာဇီး တိုက်စစ်သမား နေမာ အတွက် ဈေးသတ်မှတ်မှုလည်း ပြုလုပ်ထားပြီ ဖြစ်ပါတယ်။

ချယ်ဆီးအသင်းဟာ ဒီနွေမှာ ပီအက်စ်ဂျီ ကြယ်ပွင့် နေမာကို ခေါ်ယူဖို့ စိတ်ဝင်စားကြောင်း သတင်းထွက်နေပေမယ့် အနောက်လန်ဒန်ကလပ်ရဲ့ အတွင်းလူတွေကတော့ ဒီသတင်း မဟုတ်ကြောင်း ငြင်းဆန်ထားပါတယ်။

ဘရာဇီး လက်ရွေးစင် ကစားသမားဟာ ဒီနွေဈေးကွက် မပိတ်ခင်မှာ ပီအက်စ်ဂျီ အသင်းကနေ ထွက်ခွာဖို့ ကြိုးစားနေပါတယ်။

ဒီလိုအချိန်မှာပဲ ပီအက်စ်ဂျီက နေမာ အတွက် ပေါင် သန်း ၆၀-၇၀ ကြား ပြောင်းရွှေ့ကြေး ရရင် ရောင်းချမှာ ဖြစ်တယ် လို့ The Times သတင်းက ဖော်ပြလာပါတယ်။

အသက် ၃၁ နှစ် အရွယ် ကစားသမားဟာ ဥရောပမှ အသင်းပြောင်းရွှေ့ဖို့ အဆင်မပြေရင် ဆော်ဒီ ပရိုလိဂ် ဘက် ရောက်သွားနိုင်ခြေလည်း ရှိနေပါတယ်။

ပြင်သစ်က သတင်းတွေ အဆိုအရ နေမာဟာ အသင်းဟောင်း ဘာစီလိုနာထံ ပြန်လိုတယ် ဆိုပေမယ့် လာလီဂါ ကလပ်ကတော့ မန်စီးတီး ကွင်းလယ်သမား ဘာနာဒို ဆေးလ်ဗား ကို ခေါ်ယူဖို့သာ ဦးစားပေး အာရုံထားနေတာကြောင့် တခြားအသင်း ရွေးရဖွယ် ရှိတယ်လို့ ဆိုပါတယ်။

ချယ်ဆီးကလည်း နေမာကို ခေါ်ယူရေး ချိတ်ဆက်ထားကြောင်း ပြင်သစ် သတင်းဌာန RMC Sport က အခိုင်အမာ ဆိုထားပြီး ချယ်ဆီး အသင်း တာဝန်ရှိသူတွေက နေမာရဲ့ အေးဂျင့်တွေနဲ့ တောက်လျောက် အဆက်အသွယ် ရှိနေကြောင်း ဖော်ထုတ်ထားပါတယ်။

ဒါပေမယ့် ချယ်ဆီး အတွင်းသတင်းတွေ အရတော့ နေမာကို ဒီနွေမှာ ခေါ်ယူရေး လုပ်မှာ မဟုတ်ဘူး ငြင်းဆန် ထားတယ်လို့ ဂါးဒီယန်းကလည်း ဆိုပါတယ်။