လီဗာပူးနဲ့ ချယ်ဆီးကြား ကိုင်ဆီဒိုရဲ့ ရွေးချယ်မှုအတွက် ပြောစရာ စကား ပျောက်ဆုံးကြောင်း မှတ်ချက်

ပရီးမီးယားလိဂ် သုံးသပ်သူဖြစ်တဲ့ ဂျင်မီ ရက်နက်က လီဗာပူးကို ငြင်းပြီး ချယ်ဆီးထံ ပြောင်းဖို့ လုပ်နေတဲ့ ကိုင်ဆီဒိုကို အံ့ဩမိတယ်လို့ ထုတ်ပြောလာပါတယ်။

လီဗာပူးအသင်းဟာ ဘရိုက်တန်နဲ့ ကွင်းလယ်လူအတွက် ဗြိတိန်စံချိန်တင်ကြေး ပေးဖို့ သဘောတူညီပြီးခါမှ ချယ်ဆီးဟာ ကိုင်ဆီဒိုရဲ့ အေးဂျင့်ထံ ဆက်သွယ်ကာ ပုဂ္ဂိုလ်ရေး သဘောတူညီမှု မယူဖို့ တောင်းဆိုခဲ့ပါတယ်။

ဘရိုက်တန်ကိုလည်း လီဗာပူးပေးတဲ့ ပေါင် ၁၁၁ သန်းကို သူတို့လည်း ပေးမယ်ဆိုကာ ချယ်ဆီး တာဝန်ရှိသူတွေက အပြောင်းအရွှေ့ ကိစ္စ ပြန်ဖွင့်ပေးဖို့ ကြိုးစားခဲ့တာပါ။ အခုချိန်ထိတော့ ကိုင်ဆီဒို ဘယ်အသင်းထံ ပြောင်းမယ် မသိရသေးပေမယ့် ချယ်ဆီးဟာ အေးဂျင့်နဲ့ ကစားသမားကို မက်လုံးပေးပြီး စည်းရုံးနေပြီ ဖြစ်ပါတယ်။

ဒီအခြေအနေနဲ့ ပတ်သက်လို့ လီဗာပူး အသင်းခေါင်းဆောင်ဟောင်း ရက်နက်က ‘ ကုန်ခဲ့တဲ့ ရက်ပိုင်းအတွက် ဖြစ်ပျက်နေတာကို မြင်ရခြင်းအပေါ် တကယ်ကို ဆွံအမိပါတယ်။ ကျနော် အပြောင်းအရွှေ့တွေ အများကြီး မြင်ဖူးပါတယ်။ နှစ်အနည်းငယ်တုန်းက အိုဒမ်ဝင်ဂီလို ကိစ္စမျိုးပေါ့။

ကျနော် အရမ်း အံ့ဩမိတဲ့ ကိစ္စက ပရီးမီးယားလိဂ် စတင်လာချိန်ထိ ကစားသမားက သူဘယ်ကို သွားလို့ သွားရမယ်ဆိုတာ မသိသေးဘူး။ ဒါက တကယ်ကို အံ့ဩစရာလို ထင်မိတယ်။ ကျနော် အတော်လေး ဘက်လိုက်နေမိတယ်ဆိုတာ သိပေမယ့် ကိုယ်မြင်နေရတဲ့ အခြေအနေမျိုး ဖြစ်လာမယ် မထင်မိပါဘူး။

ပုံမှန်အားဖြင့် ဒီလို အပြောင်းအရွှေ့မှာ လီဗာပူးက အမြဲတမ်း နိုင်လေ့ရှိပါတယ်။ သူတို့က လာဗီယာကို ရက်အနည်းငယ် လိုက်နေရာက ကိုင်ဆီဒိုကို ပြောင်းလဲ ချိတ်ဆက်ခဲ့တယ်။ ဒီသတင်းကို ကြားကြားချင်း ကျနော် သိပ်ပျော်မိတယ်။ ဒါပေမယ့် ကိုင်ဆီဒိုက လီဗာပူးကို ပယ်ချလိုက်တယ်တဲ့။

ချယ်ဆီး ဂျာစီကို သူဝတ်သွားမှပဲ ကျနော် ယုံကြည်ပါလိမ့်မယ်။ ကျနော်တော့ ပြောဖို့ရာ စကားတောင် မရှိဘူး။ ချယ်ဆီးက ဆွဲဆောင်မှုရှိတယ်ဆိုပေမယ့် သမိုင်းကြောင်းတွေအရ သူ လီဗာပူးကို ငြင်းပြီး ချယ်ဆီးထံ ပြောင်းမယ်ဆိုတာ အံ့ဩဖွယ်ရာပဲ။

အထူးသဖြင့် ယာဂင်ကလော့ပ်လို နည်းပြနဲ့ ကာလရှည် အလုပ်တွဲလုပ်ဖို့၊ အသင်းဖော်ဟောင်း မက်ကယ်လစ္စတာနဲ့ အတူ ပြန်ပြီး တွဲကစားဖို့ကို ငြင်းဆန်တာက သိပ်ကို ထူးဆန်းပါတယ်။ လီဗာပူးကို ပြောင်းတာဟာ ပြီးပြည့်စုံတဲ့ အသင်းပြောင်းမှု ဖြစ်လာမှာပါ ’ လို့ တုန့်ပြန်ခဲ့တာ ဖြစ်ပါတယ်။