ကိုင်စီဒို လုပွဲနဲ့ အရှိန်တက်နေတဲ့ ချယ်ဆီးနဲ့ လီဗာပူး အသင်းတို့ဟာ ဒီနေ့ တနင်္ဂနွေနေ့ည စတန်းဖို့ဘရစ်ချ်မှာ ပရီးမီးယားလိဂ် အဖွင့်ပွဲ ယှဉ်ပြိုင် ကစားကြတော့မှာ ဖြစ်ပါတယ်။
ချယ်ဆီးအသင်းဟာ ပြီးခဲ့တဲ့ ရာသီက အဆင့် ၁၂ နဲ့ ရာသီ သိမ်းခဲ့ပေမယ့် နည်းပြ ပိုချက်တီနိုကို ခန့်အပ်ပြီး အပြောင်းအလဲတွေ များစွာ လုပ်ကာ ရာသီသစ် အတွက် ပြင်ဆင်အားကောင်းကောင်း လုပ်ထားပါတယ်။ လီဗာပူး အသင်းကလည်း ဒီတလော ကျဆင်းမှုတွေကနေ ပြန် ရုန်းထားဖို့ အားခဲ ပြင်ဆင်ထားတဲ့ အသင်းပါ။
လီဗာပူး နောက်ခံလူဟောင်းကြီး ဂျင်မီ ကာရေဂါကတော့ ဒီပွဲစဉ် အတွက် သုံးသပ် ခန့်မှန်းမှုတွေ ပြုလုပ်လာခဲ့ပါတယ်။ ကာရေဂါ ကတော့ ဒီပွဲက အပြန်အလှန် သွင်းဂိုးများမယ် ယူဆထားပါတယ်။
” ပြီးခဲ့တဲ့ ရာသီတုန်းက လီဗာပူးနဲ့ ချယ်ဆီး ကစားခဲ့တဲ့ နှစ်ပွဲ လုံးက ဂိုးမရှိ သရေ ကျခဲ့တယ်။ ကလပ် နှစ်သင်းလုံးက အခုဆို ရာသီသစ် အတွက် ပြန် စုစည်း ပြင်ဆင်ထားကြပြီ။
ဒီည ပွဲဟာ ကလပ်နှစ်သင်းလုံး အတွက် ဒီရာသီ ဘယ်လောက် ရည်မှန်းထားသလဲ တာထွက်ကောင်း လုပ်ပြရမယ့် ပွဲ ဖြစ်တယ်။ ဒါကြောင့် ဒီတနင်္ဂနွေမှာ သွင်းဂိုး လေးဂိုး အောက် ဆိုရင်တောင် အံ့သြစရာ ဖြစ်နေဦးမယ်။
ကျနော့် ခန့်မှန်းကတော့ဗျာ .. နှစ်သင်းလုံး ဂိုးတွေ အများကြီး သွင်းမယ်၊ အလုပ် အများဆုံးက ဂိုးသမားတွေ ဖြစ်လိမ့်မယ်။ ကွင်းပြင်က ကိုင်စီဒို လုပွဲကလည်း ဒီပွဲ အတွက် ပိုပြီး အရှိန်တက်အောင် မီးထိုးပေးသလို ဖြစ်နေတယ်။
ယာဂင်ကလော့ပ်နဲ့ ပိုချက်တီနို အတွက် လီဗာပူး၊ ချယ်ဆီးတို့ ပရီးမီးယားလိဂ် စိန်ခေါ်သူတွေ ပြန် ဖြစ်လာဖို့ လုပ်ရမှာပါ။ ဒါမှသာ ဈေးကွက်ထဲမှာ ကစားသမားတွေကို ဆွဲဆောင်နိုင်မှာ ဖြစ်ပါတယ်။ ” လို့ ကာရေဂါက သုံးသပ် ပြောဆိုသွားတာ ဖြစ်ပါတယ်။
ချယ်ဆီးနဲ့ လီဗာပူး အသင်းတို့ဟာ ဒီနေ့ တနင်္ဂနွေနေ့ မြန်မာစံတော်ချိန် ည ၁ဝ နာရီမှာ ယှဉ်ပြိုင် ကစားကြမှာ ဖြစ်ပါတယ်။