လီဗာပူး စောင့်နေတဲ့ လာဗီယာ အဆုံးဖြတ်၊ နည်းပြ တန်ဟက် တောင်းဆိုမှု၊ ကိုင်ဆီဒို ရသွားတဲ့ ချယ်ဆီးနဲ့ အပြောင်းအရွှေ့ သတင်းများ

မန်ချက်စတာ ယူနိုက်တက် နည်းပြ တန်ဟက်ကတော့ ဈေးကွက် မပိတ်ခင် ကစားသမားသစ်တွေ ခေါ်ယူချင်သေးကြောင်း ဘုတ်အဖွဲ့အား အသိပေး တောင်းဆိုလိုက်ပါတယ်။

လီဗာပူး အသင်းဟာ ဆောက်သမ်တန်ကွင်းလယ် ကစားသမား လာဗီယာ အတွက် ပေါင် သန်း ၆ဝ နဲ့ ကမ်းလှမ်းလိုက်ပြီ ဖြစ်ပါတယ်။ ပြောင်းရွှေ့ကြေးကတော့ စိန့်အသင်း စိတ်ကြိုက် ရနေပြီ ဖြစ်ပြီး ကစားသမားရဲ့ ချယ်ဆီးလား လီဗာပူးလား ရွေးချယ်မှုကိုသာ စောင့်ဆိုင်းရတော့မှာပါ။

မန်စီးတီးနဲ့ ဘာစီလိုနာတို့ဟာ ကန်ဆယ်လို အပြောင်းအရွှေ့ ကိစ္စ ဆွေးနွေးနေပေမယ့် အပြီးသတ် သဘောတူညီမှု မရသေးတာကြောင့် နောက်အပတ်ထိ ဆက်လက် ညှိနှိုင်းရဖွယ် ရှိပါတယ်။

ချယ်ဆီးအသင်းဟာ ကိုင်ဆီဒိုအတွက် ပေါင် သန်း ၁ဝဝ + ထပ်ဆောင်း ဆုကြေး ၁၅ သန်းနဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရသွားခဲ့ပြီ ဖြစ်ပါတယ်။

ဂိုးသမား ကီပါဟာ ရီးရဲလ်မက်ဒရစ်ထံ တစ်ရာသီ အငှားထွက်ကစားမှာ ဖြစ်ပေမယ့် စာချုပ်မှာ အပြီးသတ် ခေါ်ယူခွင့် ပါဝင်မှာ မဟုတ်ပါဘူး။

Al Hilal အသင်းဟာ ပီအက်စ်ဂျီအသင်း တိုက်စစ်သမား နေမာကို ခေါ်ယူဖို့ သဘောတူညီမှု ရသွားခဲ့ပြီ ဖြစ်ပါတယ်။

ပီအက်စ်ဂျီအသင်းဟာ မန်စီးတီး ကွင်းလယ်လူ ဘာနာဒို ဆေးဗားကို ခေါ်ယူလိုပေမယ့် ပရီးမီးယားလိဂ်ကလပ်ထံက အားကောင်းတဲ့ ငြင်းဆန်မှုကို ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

ပီအက်စ်ဂျီအသင်းဟာ တိုက်စစ်ကြယ်ပွင့် အမ်ဘာပေနဲ့ စကားပြောဆို ဆွေးနွေးမှု အဆင်ပြေခဲ့တာကြောင့် ကလပ်ရဲ့ လူစာရင်းထဲ ပြန်ထည့်လိုက်ပြီ ဖြစ်ပါတယ်။

ဗန်ဒါဘိခ်ကို အေဂျက်ဘက်က စိတ်ဝင်စားပေမယ့် စတင် ကမ်းလှမ်းမှု မရှိသေးသလို ဆိုစီဒက်အသင်းနဲ့ အခြေအနေ ထူးခြားလာခြင်း မရှိသေးပါဘူး။

ဘိုင်ယန်မြူးနစ်ဟာ ညာအစွန်လူ ပါဗက်အတွက် မန်ချက်စတာ ယူနိုက်တက်ရဲ့ ကမ်းလှမ်းမှုကို ပယ်ချလိုက်ပါတယ်။ ဂျာမာန်သတင်းတွေမှာတော့ လီဗာပူးကလည်း ပါဗက်ကို ခေါ်ယူလိုနေကြောင်း ဖော်ပြနေပါတယ်။