ကိုင်ဆီဒို ရပြီးတာတောင် မရပ်သေးဘဲ နောက်ထပ် ကစားသမားသစ် ၃ ဦး ခေါ်ယူမယ့် ချယ်ဆီး ခြေလှမ်း

ကွင်းလယ် ကစားသမား ကိုင်ဆီဒိုကို ဘရိုက်တန် အသင်းထံကနေ ပရီးမီးယားလိဂ် စံချိန်တင်ကြေး ပေါင် ၁၁၅ သန်း ပေးပြီး ခေါ်ယူခဲ့ပြီဖြစ်တဲ့ ချယ်ဆီးဟာ ကစားသမား ဝယ်ယူမှုတွေ ရပ်တန့်ဦးမှာ မဟုတ်ဘဲ နောက်ထပ် ပြောင်းရွှေ့ကြေး ပေါင် ၁၁၀ သန်းထိ အသုံးပြုဦးမှာ ဖြစ်ပါတယ်။

ချယ်ဆီးဟာ ဆောက်သမ်တန် ကွင်းလယ်လူ လာဗီယာကို ပေါင် ၅၈ သန်းဖြင့် ခေါ်ယူဖို့ သဘောတူညီမှု ရထားခဲ့ကာ မကြာခင်မှာ ဆေးစစ်မှု ပြုလုပ်မှာ ဖြစ်ပါတယ်။ ဆယ်ကျော်သက်လေးကို လီဗာပူးနဲ့ အပြိုင်လုခဲ့တာဖြစ်ပြီး မာဆေးဆိုဒ် ကလပ်ထက် ပိုများတဲ့ လုပ်ခအပြင် စာချုပ်ရှည် ပေးမယ်လို့ ချယ်ဆီးဘက်က ကတိပေးခဲ့ပါတယ်။

ထပ်ပြီး ပဲလေစ့် ကွင်းလယ်လူ အိုလစ်ကိုလည်း မန်စီးတီးနဲ့အပြိုင် ချိတ်ဆက်ခဲ့ကာ စာချုပ်ပါကြေး ပေါင် ၃၅ သန်း ပေးဖို့ ချယ်ဆီးက ညိနှိုင်းထားပါတယ်။ နှစ်သင်းကြား ကိစ္စတွေ အပြီးသတ်ပြီးရင်တော့ အသက် ၂၁ နှစ်အရွယ် ပြင်သစ် သားကလည်း ချယ်ဆီးထံ ပြောင်းရွှေ့လာမှာပါ။

ယူ-၂၁ ယူရိုပြိုင်ပွဲမှာ တံကောက်ကြော ဒဏ်ရာကြောင့် အနားယူနေရတဲ့ အိုလစ်ဟာ စက်တင်ဘာလ အကုန်ထိတော့ ဘောလုံးကစားနိုင်ဦးမှာ မဟုတ်ပါဘူး။

စတမ်းဖိုဒ့်ဘရစ်ချ် တာဝန်ရှိသူတွေဟာ ဘရာဇီးကလပ် ဆန်းတိုစ့်အသင်းမှ တိုက်စစ်သမား ဝါရှင်တန်ကိုလည်း ခေါ်ယူဖို့ စီစဉ်ထားပြီဖြစ်ပါတယ်။ အသက် ၁၈ နှစ်အရွယ် ဘရာဇီးကြယ်ပွင့်အတွက် ပြောင်းရွှေ့ကြေး ပေါင် ၁၇ သန်း ပေးရမှာ ဖြစ်ပါတယ်။

အခုချိန်ထိ စာချုပ်ကိစ္စ အပြီး မသတ်သေးပေမယ့်လို့ ကစားသမားက အသင်းပြောင်းဖို့ အမြန်အဆန် လုပ်နေပါပြီ။ သူဟာ ဘရာဇီးကလပ်ကို နှုတ်ဆက်ထားပေမယ့် ချယ်ဆီးမှာ ကစားရမှာလား ပြင်သစ်ကလပ် Strasbourg ထံ အငှား ထွက် ရမလားတော့ မသိရသေးတာ ဖြစ်ပါတယ်။