အိုလစ် ကို ခေါ်ယူဖို့ ကြိုးစားရမှာ ချယ်ဆီး စည်းကျော်ခဲ့လို့ တိုင်ကြားဖို့ လန်ဒန်ကလပ် အသင်း စီစဉ်နေ

ခရစ္စတယ် ပဲလေ့စ် အသင်းဟာ ၎င်းတို့ တိုက်စစ်သမား အိုလစ်ကို ခေါ်ယူဖို့ လန်ဒန်ပြိုင်ဘက် ချယ်ဆီးအသင်းက ကြိုးစားရာမှာ စည်းကျော်နေပြီလို့ ယူဆကြောင်း သိရပါတယ်။

ရက်ပိုင်းတုန်းကပဲ ကိုင်ဆီဒိုအတွက် ဗြိတိန်စံချိန်တင်ကြေး ပေါင် ၁၁၅ သန်း သုံးထားတဲ့ ချယ်ဆီးဟာ ပဲလေစ့် ကစားသမား အိုလစ်ရဲ့ စာချုပ်ပါကြေးကိုလည်း အသက်သွင်းဖို့ ပြင်ဆင်နေတာပါ။

အိုလစ်အတွက် ပေါင် ၃၅ သန်း ပေးရမှာဖြစ်ပြီး ဆောက်သမ်တန်မှ ရိုမီယို လာဗီယာအတွက် ပေါင် ၅၈ သန်း အပါအဝင် ဒီနွေအတွက် ချယ်ဆီးရဲ့ အဓိက ခေါ်ယူမှု ၉ ခုထဲ ပါဝင်သွားမှာ ဖြစ်ပါတယ်။

ဒါပေမယ့်လို့ ပရီးမီးယားလိဂ် ချန်ပီယံ မန်စီးတီးထံ မပြောင်းဖို့ကိုတောင် အိုလစ်ကို စည်းရုံးနိုင်ခဲ့ပေမယ့် ချယ်ဆီးတို့ရဲ့ ပုံမှန်မဟုတ်တဲ့ ကစားသမားထံ ချဉ်းကပ်မှုဟာ ပဲလေစ့်အသင်းကို ဒေါသထွက်စေခဲ့တာလို့ သိရပါတယ်။

ပဲလေစ့်ကတော့ ချယ်ဆီးဟာ အပြောင်းအရွှေ့ဆိုင်ရာ စည်းမျဉ်းတွေကို ဖောက်ဖျက်ပြီး ကျင့်ဝတ်သိက္ခာ မစောင့်ထိန်းခဲ့ဘူး လို့ ယုံကြည်နေကာ ပြိုင်ဘက်အသင်းရဲ့ တရားမဝင် ချဉ်းကပ်မှုအား ပရီးမီးယားလိဂ်ထံ တိုင်ကြားမှာ ဖြစ်ပါတယ်။

ချယ်ဆီးကတော့ သူတို့ရဲ့ စည်းရုံးမှု လမ်းစဉ်အပေါ် ယုံကြည်ချက် ရှိနေပြီး ကလပ်တွေကြား တရားဝင် ကမ်းလှမ်းမှု မလုပ်ခင်မှာ ကစားသမားအား အသင်းပြောင်းဖို့ ညိနှိုင်းခြင်းဟာ ပုံမှန် လုပ်ငန်းစဉ်လို့ ခံယူထားတာဖြစ်ပါတယ်။