လီဗာပူး ရတော့မယ့် ဘရာဇီး ကွင်းလယ်လူသစ်၊ စီးတီး ခေါ်လိုက်တဲ့ ဒိုကူ၊ ဂရင်းဝုဒ်ကို ခေါ်ချင်တဲ့ ဂျရတ်နဲ့ အပြောင်းအရွှေ့ သတင်းများ

လီဗာပူးအသင်းဟာ ဘရာဇီးကလပ် ဖလူးမီးနက်စ် မှ ကွင်းလယ် ကစားသမား အန်ဒရီ ကို ခေါ်ယူဖို့ ပုဂ္ဂိုလ်ရေး သဘောတူညီမှု ရသွားခဲ့ပါပြီ။ ကစားသမား ကိုယ်တိုင်က လီဗာပူးထံ ပြောင်းခွင့်ပေးဖို့ တောင်းဆိုထားပါတယ်။

မန်စီးတီးဟာ တိုက်စစ်ပိုင်း အင်အားဖြည့်ဖို့ ဘယ်ဂျီယံ လူငယ် တိုက်စစ်သမား ဒိုကူကို ယူရို သန်း ၆၀ ဝန်းကျင်ဖြင့် ခေါ်ယူသွားတော့မှာ ဖြစ်ပါတယ်။

ချယ်ဆီးအသင်းဟာ နယူးအင်္ဂလန် ဂိုးသမား ပီထရိုဗစ်ကို ၇ နှစ်စာချုပ်ဖြင့် ခေါ်ယူဖို့ သဘောတူညီမှု ရခဲ့ပြီ ဖြစ်ပါတယ်။

Al Ittihad အသင်းက စိတ်ဝင်စားနေပေမယ့် အာဆင်နယ်ဟာ ခံစစ်မှူး ဂါဘရီရယ်ကို ရောင်းချသွားမှာ မဟုတ်ပါဘူး။ ဂါဘရီရယ်ဟာ အာဆင်နယ်အတွက် ဒီရာသီ ပွဲအများကြီး ကစားရမှာပါလို့ အာတီတာက ပြောပါတယ်။

မန်ချက်စတာ ယူနိုက်တက်နဲ့ လမ်းခွဲလိုက်တဲ့ မေဆန် ဂရင်းဝုဒ်ကို ခေါ်ယူဖို့ စတီဗင်ဂျရတ်ရဲ့ အယ် အက်တီဖက် အသင်းက စိတ်ဝင်စား ချိတ်ဆက်နေပါတယ်။

မန်စီးတီး အစွန်လူ ကယ်ဆယ်လိုဟာ သိပ်မကြာတော့တဲ့ အချိန်မှာပဲ ဘာစီလိုနာထံ ပြောင်းရွှေ့သွားတော့မှာပါ။ ကနဦး အငှားဖြစ်ကာ အပြီးသတ် ခေါ်ယူခွင့် ထည့်သွင်းမှာ ဖြစ်ပါတယ်။

ဘက်ဆစ်တက်အသင်းဟာ ပီအက်စ်ဂျီ ခံစစ်သမား ရာမိုစ့်ကို ခေါ်ယူဖို့ သဘောတူညီမှု ရခဲ့ပြီဆိုတဲ့ သတင်းတွေကို ငြင်းဆန်လိုက်ပါတယ်။

လီဗာပူးနဲ့ မန်ယူနိုက်တက်တို့ ခေါ်ယူလိုနေတဲ့ ကွင်းလယ်လူ ဂရာဗင်ဘက်ချ်ကို ဒီနွေမှာ ရောင်းချဖို့ ဘိုင်ယန်မြူးနစ်ဘက် က ဆုံးဖြတ်လိုက်ပါပြီ။

မန်ချက်စတာ ယူနိုက်တက်ဟာ မက်ဂွဲရားနဲ့ တော်မီနေးတို့ကို ရောင်းချနိုင်ခြင်း မရှိပါက လူသစ် တစ်ဦး ထပ်မံ ခေါ်ယူနိုင်ဖို့ မသေချာပါဘူး။

လီဗာပူးအသင်းဟာ ဖီအိုရင်တီးနား ကွင်းလယ်လူ အမရာဘတ် ကို ခေါ်ယူခွင့်ရပေမယ့် စတုဂတ် အသင်းခေါင်းဆောင် အန်ဒိုကိုပဲ ခေါ်ယူခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။