အန်းဖီးလ်၊ စိန့်ဂျိမ်းပါ့ခ်နဲ့ အမ်းမရိတ်တို့ထဲ ဘယ် ကွင်းက အားပေးမှု အကောင်းဆုံးလဲ ရွေးချယ်လိုက်တဲ့ ကီဗင် ဒီဘရိုင်း

မန်စီးတီး ကွင်းလယ် ကစားသမား ကီဗင် ဒီဘရိုင်းက သူ့ရဲ့ ပရီးမီးယားလိဂ် ကစားသမားဘဝ အတွေ့အကြုံ အရ အကောင်းဆုံး ပရိသတ် အားပေးမှုကို ပိုင်ဆိုင်ထားတဲ့ အင်္ဂလန် ကလပ် အသင်းက ဘယ်အသင်းလဲ ဆိုတာကို ထုတ်ဖော် ပြောဆိုလာပါတယ်။

စကိုင်းစပေါ့ အစီအစဉ်မှာ နယူးကာဆယ်ရဲ့ စိန့်ဂျိမ်းပက်ခ်၊ အာဆင်နယ်ရဲ့ အမ်းမရိတ်နဲ့ လီဗာပူးရဲ့ အန်ဖီးလ်ကွင်းတို့ထဲက အကောင်းဆုံး ကွင်းတစ်ခုကို ရွေးချယ်ပေးဖို့ ဒီဘရိုင်းကို မေးခွန်းထုတ်ခဲ့ပါတယ်။

ဒီဘရိုင်းဟာ အင်္ဂလန်လိဂ်ရဲ့ နာမည်ကျော် ကွင်းတစ်ခုဖြစ်တဲ့ အန်ဖီးလ်ကို ထိပ်ဆုံးမှာ မထားခဲ့ပါဘူး။ သူကပဲ အန်ဖီးကွင်းမှာ ပရိသတ် အားပေးပုံ ပြင်းထန်ပေမယ့်လို့ ပွဲကြီးတွေဆို ပိုပြင်းထန်ပြီး အစောပိုင်းပွဲတွေဆို အဲ့ဒီလောက် မပြင်းထန်ဘူးလို့ နှိုင်းယှဉ်ပြခဲ့တယ်။

ငယ်စဉ်တည်းက လီဗာပူးအသင်းကို အားပေးတယ်လို့ ဝန်ခံထားတဲ့ ဘယ်ဂျီယံ ကွင်းလယ်လူ ဒီဘရိုင်းဟာ အင်္ဂလန်လိဂ်မှာ အကောင်းဆုံး အားပေးမှုရှိတဲ့ ကွင်းအဖြစ်တော့ နယူးကာဆယ်တို့ရဲ့ စိန့်ဂျိမ်းပက်ခ်ကို ရွေးချယ်ခဲ့ပါတယ်။

မန်စီးတီး အသင်းခေါင်းဆောင်က “ နယူးကာဆယ်တို့ ကစားပုံ မကောင်းတာတောင်မှ သူတို့ရဲ့ အိမ်ကွင်း အားပေးမှုက အတော်လေးကို ကောင်းပါတယ်။ လီဗာပူးကွင်းကကျ နည်းနည်း မတူညီတဲ့ အမြင်တွေ ကျနော်မှာ ရှိပါတယ်။

လီဗာပူးနဲ့ ကျနော်တို့ကြား ယှဉ်ပြိုင်ရတာဟာ ပွဲကြီးဖြစ်ပါတယ်။ ဒါပေမယ့်လို့ အန်ဖီးကွင်းအတွင်း ချန်ပီယံလိဂ်ညေ တွ၊ ညနက်ပွဲတွေမှာ အားပေးပုံနဲ့ နေ့ခင်း ၁၂ နာရီပွဲ အားပေးမှုတွေက မတူညီပါဘူး။

နယူးကာဆယ်နဲ့ လီဗာပူးကွင်းက အားပေးမှုတွေဟာ အာဆင်နယ်ထက် ပိုပြီး ပြင်းထန်ပါတယ်။ မနှစ်ကတော့ အာဆင်နယ်ကွင်းမှာ သူတို့ပရိသတ် အားပေးမှုက ပို ပို ကောင်းလာပါတယ်။ အဲ့မတိုင်ခင် တစ်နှစ်ကတော့ အာဆင်နယ်တို့ရဲ့ အိမ်ကွင်း အားပေးမှုဟာ ဒီတလောထက် ပိုအားပျော့ပါတယ် ” လို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။