မောင့်နဲ့တင် အားမရလို့ ချယ်ဆီးထံက နောက်ထပ် ဂျင်းတစ်ယောက် ခေါ်ဖို့ ဆက်သွယ်မေးမြန်းနေတဲ့ မန်ချက်စတာ ယူနိုက်တက်

မန်ချက်စတာ ယူနိုက်တက်ဟာ ဒီနွေမှာ ချယ်ဆီးထံမှ ခေါ်ယူခဲ့တဲ့ ကွင်းလယ် ကစားသမား မေဆန်မောင့် ခြေစွမ်း မပြနိုင်လို့ ဝေဖန် ပြောဆိုမှုတွေ ခံယူနေရတာပါ။ ဒါပေမယ့် ဈေးကွက် မပိတ်ခင်မှာ ချယ်ဆီးကနေ နောက်ထပ် ဂျင်း ကစားသမား တစ်ယောက် ခေါ်ဖို့ ခြေလှမ်း စလာပြန်ပါတယ်။

ယူနိုက်တက်ဟာ ဘယ်စွန် နောက်ခံလူတွေ ဖြစ်တဲ့ လုခ်ရှောနဲ့ မာလာစီယာ တို့ နှစ်ယောက်လုံး ဒဏ်ရာ ရနေတာကြောင့် ချယ်ဆီးမှ ကူကူရယ်လာ ကို ခေါ်ယူဖို့ ပြင်ဆင်လာခဲ့တာ ဖြစ်ပါတယ်။

အင်္ဂလန် ကစားသမား ရှောက ဘယ်အချိန်မှ ပြန် ကစားနိုင်မယ် မရေရာ ဖြစ်နေပြီး မာလာစီယာ ကတော့ နောက်လ ထဲ ပြန် ကစားနိုင်ဖွယ် ရှိပါတယ်။ မနေ့ညက ဖောရက်စ်နဲ့ ပွဲမှာ ဒါလော့ က ဝင်ကစားခဲ့ပေမယ့် ရေရှည် အတွက် အစားထိုးဖို့ နည်းပြ တန်ဟက်က စဉ်းစားနေပါတယ်။

ယူနိုက်တက်ဟာ ချယ်ဆီးမှ မာ့ခ် ကူကူရယ်လာ ကို အရေးပေါ် အနေနဲ့ အငှားနဲ့ ခေါ်ယူဖို့ ဆက်သွယ် ဆွေးနွေးနေကြောင်း သတင်းထောက် ရိုမန်နိုက ဖော်ထုတ်လာပါတယ်။

ယူနိုက်တက်ဟာ စပိန်သားကို ခေါ်ယူဖို့ ဘယ်လို အချက်အလက် အတွေ တောင်းဆိုမလဲ အရင် မေးမြန်းနေတာ ဖြစ်ပြီး တိကျတဲ့ ဆွေးနွေးမှု အဆင့်ကိုတော့ မရောက်သေးဘူးလို့ သိရပါတယ်။

ဘရိုက်တန်ကနေ ပြီးခဲ့တဲ့နွေက ပေါင် ၆၂ သန်းနဲ့ ချယ်ဆီး ရော်ကလာခဲ့တဲ့ ကူကူရယ်လာဟာ စတန်းဖို့ဘရစ်ချ်မှာ အိပ်မက်ဆိုး မက်နေရဆဲ ဖြစ်ပြီး သူ့တန်ကြေးနဲ့ ညီမျှတဲ့ စွမ်းဆောင်ရည်မျိုး မပြသသေးပါဘူး။

ယူနိုက်တက်ဟာ လက်စတာကနေ အလွတ်နဲ့ ထွက်ခွာထားတဲ့ ချယ်ဆီး နောက်ခံလူဟောင်း ရိုင်ယန် ဘာ့ထ်ရန်း ကိုလည်း စောင့်ကြည့်နေပါတယ်။