ဂန်းနားဟောင်းကြီး ပေါမာဆန်က ဒီရာသီ တာထွက်မလှသေးတဲ့ အာဆင်နယ်ရဲ့ အနေအထားကို သဘောမကျ ဖြစ်နေပြီး အသင်းရဲ့ ကစားဟန်ဟာ ခန့်မှန်းရ လွယ်လွန်းတယ်လို့ ထောက်ပြ သတိပေးခဲ့ပါတယ်။
” အာဆင်နယ်က နည်းနည်းလေး ခန့်မှန်းရလွယ်ပါတယ်။ တောင်ပံတွေမှာ နေမယ့် တိုက်စစ်သမား ၂ ယောက် ရှိမယ်၊ ကွင်းလယ်ကနေ ထိုးဖောက်မယ့် တိုက်စစ်မှူး တစ်ဦးရှိမယ် ဒါပေမယ့် လှုပ်ရှားမှုတော့ မရှိဘူး။ ဖလှယ်ကစားမှု မရှိလို့ ပြိုင်ဘက်တွေ အမိဖမ်းနိုင်နေတာကို ဂရုစိုက်ရမယ်။
အာဆင်နယ်က အရင်ကလိုပါပဲ။ ဘောလုံးပိုင်ထားချိန် ကောင်းတယ်၊ ဘောလုံးမရှိရင် ညံ့ဖျင်းသွားရော။ ဘောလုံး လုနိုင်မယ့်သူ မရှိဘဲ ဒီကလန်ရိုက်စ် တစ်ဦးတည်း လိုက်လုနေရတယ်။ ထိပ်တန်းအသင်းတွေဆို အာဆင်နယ်ကို ကျော်ဖြတ်သွားနိုင်မှာပါ ” လို့ ပေါမာဆန်က ဆိုပါတယ်။
အာဆင်နယ်ရဲ့ ကစားဟန်က မနှစ်ကလို မဟုတ်ဘဲ အတော်လေး ရှုပ်ထွေးပြီး နည်းပြက ဘာလုပ်ချင်လဲဆိုတာ နားလည်နိုင်ဖို့ ခက်ခဲနေပါတယ်။
ပေါမာဆန်ကပဲ ” ယူနိုက်တက်ကို ရင်ဆိုင်မယ့်ပွဲမှာ သူတို့ အခြေခံ စနစ်တွေကို ပြန်သွားသင့်တယ်။ ဟာဗက် ကစားနေတဲ့ နေရာက ကျနော်ကို အံ့အားသင့်စေတယ်။ သူက တိုက်စစ်သမားပါ ဘယ်ခြမ်း ကွင်းလယ်လူ မဟုတ်ပါဘူး။
ခံစစ်မှာ ဂါဘရီရယ်က နေရာမရတော့ဘဲ ပါတေးက ညာခြမ်းက ကစားနေရပါတယ်။ ဘာကြောင့်လဲ? ဂွာဒီယိုလာက စတုန်းကို ကွင်းလယ် ပို့နေပေမယ့် အာဆင်နယ်ကျတော့ ဘာကြောင့် အဲ့လို လိုက်ကစားနေရတာလဲ?
နောက်ဆုံး ၉ ပွဲအတွင်း ပွဲအစ ၁ မိနစ်မှာတင် ဂိုးပေးထားရတာ ၃ ကြိမ် ရှိနေပြီ။ အာဆင်နယ်နဲ့ ပတ်သက်လို့ ကျနော် စိတ်ပူတယ်။ အာတီတာက အပြောင်းအလဲတွေ လုပ်လွန်းတယ်။ ရှုပ်ထွေးလွန်းတယ်လို့ ထင်တယ်။
ကိုယ့်ကစားသမားကို ယုံကြည်တယ်ဆိုရင် ဘာလို့ ဖူလ်ဟမ်ပွဲမှာ အန်ကတ်တီးရားကို ပွဲမထုတ်တာလဲ? အာဆင်နယ်က မန်စီးတီးရဲ့ အဓိက စိန်ခေါ်ဘက် ဖြစ်လာရမှာဖြစ်ပြီး အခုထိ ပွဲကြပ်တွေတောင် မကစားရသေးပါဘူး ” လို့ ဆက်လက် ထင်မြင်ချက် ပေးခဲ့တာ ဖြစ်ပါတယ်။