တန်ဟက် ပစ်မှတ်သစ်နဲ့ မန်ချက်စတာ ယူနိုက်တက် ကို စိတ်ပျက်သွားတဲ့ အမရာဘတ် အေးဂျင့်များ

ယူနိုက်တက် ပစ်မှတ်လို့ သတင်းကြီးနေတဲ့ ဖီအိုရင်တီးနား ကွင်းလယ်လူ အမရာဘတ် ရဲ့ အေးဂျင့်တွေဟာ မန်ချက်စတာ ယူနိုက်တက်ဘက်က သူတို့ ကစားသမား အတွက် ကမ်းလှမ်းမှု မလုပ်လာခြင်းကို စိတ်ရှည်ပေး လိုစိတ် မရှိတော့ဘူးလို့ သိရပါတယ်။

မိုရိုကို လက်ရွေးစင် ကွင်းလယ်လူကို ယူနိုက်တက် ခေါ်ယူမယ်လို့ ဒီနွေ အပြောင်းအရွှေ့ကာလ တောက်လျှောက် သတင်း ထွက်ခဲ့တာပါ။

ဒါပေမယ့်လို့ အခုချိန်ထိ အသက် ၂၆ နှစ်အရွယ် ကွင်းလယ်လူကို ယူနိုက်တက်ဘက်က ကမ်းလှမ်းမှု မလုပ်ခဲ့သေးဘဲ အခုဆိုရင် ဈေးကွက် ပိတ်ဖို့ ရက်ပိုင်းပဲ လိုတော့တာ ဖြစ်ပါတယ်။

ဖီအိုရင်တီးနားဟာ အမရာဘတ်ကို ပွဲနေ့ လူစာရင်းကနေ ဖယ်ထုတ်ထားတာ ၂ ပတ် ရှိခဲ့ပြီဖြစ်ကာ ကွင်းလယ်လူဟာ တစ်ဦးတည်း လေ့ကျင့်မှုတွေဖြင့် ယူနိုက်တက်ဘက်က ခေါ်ယူလာမှာကို စောင့်ဆိုင်းနေတာ ဖြစ်ပါတယ်။

အမရာဘတ်ရဲ့ ကိုယ်စားလှယ်တွေဟာ ယူနိုက်တက်နဲ့ ပုဂ္ဂိုလ်ရေး သဘောတူညီမှု ယူထားခဲ့ပေမယ့် တရားဝင် ကမ်းလှမ်းမှု မလာတဲ့နောက် အခြားသော ကလပ်တွေဖြင့် စကားပြောမှု စတင်သွားဖွယ် ရှိပါတယ်။ ယူနိုက်တက်ရဲ့ အချိန်ဆွဲမှုကို အမရာဘတ်ရဲ့ အေးဂျင့်တွေက အတော်လေး စိတ်ပျက်နေပါတယ်။

မန်ချက်စတာ ယူနိုက်တက်ဟာ အမရာဘတ်အစား ပရီးမီးယားလိဂ်မှာ အခြေကျပြီးဖြစ်တဲ့ ကွင်းလယ်လူ ဟော့ဂျက်ကို ခေါ်ယူဖို့ကို ပိုမို စိတ်အားထက်သန်လာတယ်။ ဟော့ဂျက်ဟာ ဒိန်းမတ်အသင်းမှာ ဟွိုင်လန်းနဲ့ တွဲဘက်ကစားဖူးထားသူ ဖြစ်ပါတယ်။

ယူနိုက်တက်ဘက်က စပါးအသင်းကို ဟော့ဂျက်အား ခေါ်ယူနိုင်ချေအတွက် စုံစမ်းမှုလည်း လုပ်ထားခဲ့ကာ ဈေးကွက် မပိတ်ခင် တရားဝင် ချိတ်ဆက်ဖွယ် ရှိပါတယ်။