မန်ချက်စတာ ယူနိုက်တက်ဟာ ပေါ်တူဂီကလပ် ဘင်ဖီကာ အသင်းမှ ဖာနန်ဒက်စ် လက်သစ် အဖြစ် သတင်းကြီးနေတဲ့ နီဗက်စ်ကို ခေါ်ယူနိုင်ဖို့ စကားပြောနေပြီ ဖြစ်ပါတယ်။
အသက် ၁၈ နှစ်အရွယ် ပေါ်တူဂီ ယူ-၂၁ လက်ရွေးစင်ဟာ မနှစ်ကရာသီမှာ ဘင်ဖီကာ အတွက် စီနီယာ ပွဲ ၂၀ ထိ ကစားပေးထားသူ ဖြစ်ပါတယ်။
နီဗက်စ်ကို ခေါ်ယူနိုင်ဖို့ ကလပ်နှစ်သင်းကြား စကားပြောနေပေမယ့် ဒီနွေမှာ ကြယ်ပွင့်လေး ကို ရောင်းထုတ်ဖို့ ဘင်ဖီကာတို့ အဆင်သင့် မဖြစ်သေးပါဘူး။
ဒီရာသီမှာ ကွင်းလယ်လူ နီဗက်စ်ကို နေရာပေးဖို့ ပြင်ဆင်ထားတဲ့ ဘင်ဖီကာဟာ ပေါ်တူဂီသားအတွက် ရမယ့် ကမ်းလှမ်းမှုတွေကို ၂၀၂၄ နွေ ဒါမှမဟုတ် ဒီရာသီ ချန်ပီယံလိဂ် ပြိုင်ပွဲ အုပ်စုအဆင့်ကို မကျော်ခဲ့ရင် ဇန်နဝါရီကျမှ ရောင်းထုတ်ဖို့ စဉ်းစားလိုပါတယ်။
ယူနိုက်တက် ကတော့ မနှစ်တုန်းက အန်ဇို ဖာနန်ဒက်စ်ကို ၆ လ ဆက်ထိန်းပြီးမှ ချယ်ဆီးထံ ရောင်းချကာ ပြောင်းရွှေ့ကြေး ပေါင် ၁၀၇ သန်း ရှာဖွေသွားတဲ့ ဘင်ဖီကာရဲ့ ပါးနပ်မှုကို သတိထားနေ ပါတယ်။
ဒီဈေးကွက်မှာ နီဗက်စ်ကို ရခဲ့မယ်ဆိုရင် ပြောင်းရွှေ့ကြေး သက်သာနိုင်သလို ကလပ်မှာ လိုအပ်နေတဲ့ ကွင်းလယ်ခံစစ် နေရာအတွက်ပါ မျှော်လင့်လို့ရနိုင်မှာပါ။
နီဗက်စ်က ဖာနန်ဒက်စ် ခြေရာ နင်းပြီး အင်္ဂလန်မြေမှာ အထိုင်ကျမြန်မယ်လို့ ယူနိုက်တက်ဘက်က မျှော်လင့်ထားသလို ကွင်းလယ်နဲ့ ကွင်းလယ်ခံစစ်သမား နေရာတွေအတွက် သုံးနိုင်တာမို့ မတူညီတဲ့ ကစားဟန်ရှိသူ အဖြစ် အကဲဖြတ် ထားတာ ဖြစ်ပါတယ်။