အန်တိုနီ လက်ပါတဲ့ ကိစ္စမှာ မန်ယူအသင်းက အလိုတူ အလိုပါ လို့ ထည့်ပြောလာတဲ့ တရားလို ကာဗယ်လင်

တောင်ပံ တိုက်စစ်သမား အန်တိုနီရဲ့ အိမ်တွင်း အကြမ်းဖက်မှု စွဲချက်တွေဟာ အခုဆိုရင် ကလပ် အသင်း မန်ချက်စတာ ယူနိုက်တက် ကိုပါ ပါဝင်လာစေခဲ့ပြီ ဖြစ်ပါတယ်။

အန်တိုနီကို တရားစွဲထားတဲ့ ချစ်သူဟောင်း ဂါဘရီရယ်လာ ကာဗယ်လင်နဲ့ သူမရဲ့ ရှေ့နေတွေက ဘရာဇီးသား စပြီး လက်ပါခဲ့စဉ်က မန်ချက်စတာ ယူနိုက်တက် တာဝန်ရှိသူတွေဧာ ထို ဖြစ်စဉ်ကို သိရှိပြီး ဖုံးကွယ်ပေးခဲ့တယ် လို့ ဆိုလာပါတယ်။

ဒေးလီးမေးလ် သတင်း ဆိုအရ ယူနိုက်တက် ဟာ ဘရာဇီးသား စတင် ကျူးလွန်တဲ့ လွန်ခဲ့တဲ့ တစ်လ ဖြစ်စဉ်တည်းက ကစားသမားရဲ့ လုပ်ရပ်ကို ဖုံးပေးခဲ့တယ် လို့ သိရပါတယ်။

အသက် ၂၃ နှစ် အရွယ် ကစားသမားဟာ ဘရာဇီးမှာလည်း ထိုကိစ္စ အမှု ရင်ဆိုင်နေရပြီး လက်ရွေးစင် အသင်း လူစာရင်းကပါ ဖယ်ထုတ်ခြင်း ခံထားရပါတယ်။

အန်တိုနီ ဖြစ်ရပ်ကို မန်ချက်စတာ ယူနိုက်တက်က သတိထား ကိုင်တွယ်သွားပါမယ်လို့ မနေ့က စာထုတ်ခဲ့ပြီး အသင်း အပေါ် မှားယွင်းတဲ့ စွပ်စွဲချက်တွေလည်း ရှိကြောင်း ဖော်ပြထားခဲ့ပါတယ်။

အန်တိုနီကတော့ သူ မကျူးလွန်ပါဘူးလို့ တောက်လျောက် ငြင်းပယ်နေပြီး ကာဗယ်လင် က လိမ်ညာပြောဆိုနေတယ် လို့ ပြန်စွပ်စွဲနေပါတယ်။

ယူနိုက်တက်ကတော့ အခြေအနေကို သတိကြီးကြီးထားကာ စောင့်ကြည့်နေပြီး နောက်ဆုံး သတင်းတွေ အရ ဂရိတ်မန်ချက်စတာ ရဲတပ်ဖွဲ့လည်း ဒီကိစ္စကို ပါဝင် ကိုင်တွယ်တော့မယ် လို့ သိရပါတယ်။