ဟာဗက် ခြေစွမ်းညံ့တယ် ဆိုတာ မန်ယူ တိုက်စစ်မှုးထက်တော့ သာသေးတယ် ထောက်ပြသုံးသပ်လာတဲ့ ဂယ်ရီလင်ကာ

လက်ရှိ ပရီးမီးယားလိဂ်မှာ ခြေစွမ်း မပြနိုင်တဲ့ တိုက်စစ်သမားတွေထဲကမှ စွမ်းဆောင်ရည်ကောင်းတွေ ပြလာနိုင်ဖို့ အလားအလာ အကောင်းဆုံး တစ်ဦးကို ဂယ်ရီလင်ကာက ရွေးချယ် ပေးခဲ့ပါတယ်။

ကိုင်ဟာဗက်၊ ရစ်ချာလီဆန်နဲ့ အန်တိုနီ မာရှယ်တို့လို ဒီရာသီ စွမ်းဆောင်ရည်ပိုင်း ဝေဖန်ခံနေရတဲ့သူတွေထဲ တောက်ပ လာနိုင်သူ တစ်ဦးကို ရွေးချယ်ပေးခြင်း ဖြစ်ပါတယ်။

ထို တိုက်စစ်သမား ၃ ဦးလုံးဟာ သက်ဆိုင်ရာ ပရိသတ်တွေကြားမှာ နာမည်ကောင်း မရကြပါဘူး။ ဒါပေမယ့် လင်ကာ ကတော့ ကိုင်ဟာဗက်က ဒီထဲမှာ တော်သေးတယ် လို့ ယူဆနေပါတယ်။

“ မနှစ်က ရာသီ ခြေစွမ်းကို ကြည့်ပြီး ဘယ်ချယ်ဆီး ကစားသမား တစ်ဦးတလေကိုမှ အကဲမဖြတ်သင့်ဘူး။ သူတို့ တစ်သင်းလုံးက ရှုပ်ထွေးနေပြီး ကမောက်ကမ ဖြစ်ထားတာ၊ မနှစ်က စွမ်းဆောင်ရည် မကောင်းခဲ့ဘူး၊ ရှက်စရာ ကောင်းလွန်းခဲ့တယ်။

ဟာဗက်က ချန်ပီယံလိဂ် ဖိုင်နယ်မှာ အနိုင်ဂိုး သွင်းခဲ့တဲ့ ကစားသမားပါ။ သူနဲ့ ယှဉ်ရင် အခြား ကစားသမားတွေက ဘာ အောင်မြင်မှုမှ ရှိတာ မဟုတ်ဘူး။

မာရှယ်က အရည်အချင်းရှိပေမယ့် စိတ်ဓါတ်ပိုင်း ပျော့ညံ့သလား ဒဏ်ရာနဲ့ ပတ်သက်လာရင် ကံမကောင်းတာလား မသိဘူး။

ကျနော်ကတော့ ဒီ ၃ ယောက်ထဲက ဖြစ်ထွန်းလာနိုင်တာ ဆိုရင် ဟာဗက်ကိုပဲ ရွေးမယ်။ ပြီးရင် မာရှယ်ပေါ့ ဘာလို့လဲဆိုတော့ ရစ်ချာလီဆန်က ဂိုးသွင်းနိုင်ဖို့ လိုနေသေးတာ မလို့ပါ။ သွင်းလာနိုင်မယ်တော့ ထင်မိတာပဲ ” လို့ လင်ကာက နှိုင်းယှဉ်သွားခဲ့တာ ဖြစ်ပါတယ်။

ဟာဗက်ဟာ အာဆင်နယ်မှာ သူ့ရဲ့ အကောင်းဆုံး ပုံစံကို မရသေးဘူး ဖြစ်နေပေမယ့် ပြင်သစ်ကို အနိုင်ရတဲ့ ဂျာမနီ အသင်းအတွက် ခြေစွမ်းကောင်း ပြသသွားခဲ့တာ ဖြစ်ပါတယ်။