ဒီအပတ်ပွဲ ဒိုင်လူကြီး၊ ဂန်းနားတို့ရဲ့ စပွန်ဆာသစ်၊ ပေပေ ကိစ္စ ကာကွယ်ဖြေရှင်းချက်၊ အိုဒီဂတ် စာချုပ်သစ်နဲ့ နောက်ဆုံးရ အာဆင်နယ် သတင်းများ

အာဆင်နယ် နည်းပြ အာတီတာက တိုက်စစ်မှုး ဆာကာ မှာ ထူးခြား ပြသနာ မရှိဘဲ ဒီအပတ် အဲဗာတန်နဲ့ ပွဲမှာ ပါဝင်ဖို့ အသင့် ရှိနေကြောင်း ပွဲကြိုမှာ အသိပေးခဲ့ပါတယ်။

ဒီအပတ် အဲဗာတန် – အာဆင်နယ်နဲ့ ပွဲမှာ ဒိုင်လူကြီး ဆိုင်မွန် ဟော့ပါ တာဝန်ယူ ကိုင်တွယ်မယ် လို့ အတည်ပြု ကြေညာချက် ထွက်လာပါတယ်။

အသက် ၄၁ နှစ် အရွယ် ဒိုင်လူကြီးဟာ သူ့ ဒိုင်သက်တမ်း တလျှောက် အာဆင်နယ်ပွဲ ၄ ပွဲသာ ကိုင်တွယ်ဖူးပြီး ဂန်းနားတို့ ၂ ပွဲ နိုင် ၂ ပွဲ သရေ ရလဒ် ထွက်ထားပါတယ်။

အိုဒီဂတ် ကို သက်တမ်းတိုးဖို့ အတွက် အာဆင်နယ်ရဲ့ ကမ်းလှမ်းမှုကို အေးဂျင့်ဘက်က အကြောင်းပြန်ကြားမှု ရရှိလာပြီ ဖြစ်ပြီး ညှိနှိုှုင်းမှု ထပ်လုပ်ကာ စာချုပ်သစ် ချုပ်ဖို့ နီးစပ်နေပြီ လို့ သတင်းထောက် ရိုမန်နိုက ဖော်ထုတ်လာပါတယ်။

အာဆင်နယ် အသင်းဟာ ဒူဘိုင်း အခြေစိုက် အိမ်ခြံမြေ လုပ်ငန်းစု ဖြစ်တဲ့ Sobha Realty နဲ့ global partnership အဖြစ် လက်တွဲလိုက်ပြီ ဖြစ်ပါတယ်။

အာဆင်နယ် ချိတ်ဆက်နေတဲ့ ဘယ်လ်ဂျီယံ ပရိုလိဂ်မှ အသက် ၁၈ နှစ် အရွယ် တိုက်စစ်သမားလေး အန်တိုနီယို နူဆာ ကို ချယ်ဆီးကလည်း ဝင်ရောက် ဆက်သွယ်လာပါတယ်။

ဆယ်ကျော်သက် လူငယ်လေးဟာ ကလပ်ဘရုချ် အသင်းအတွက် ၄၆ ပွဲ ကစားထားပြီး ၄ ဂိုးသွင်း၊ ၃ ဂိုး ထောက်ပံ့မှု လုပ်ထားပါတယ်။

ကလပ် စံချိန်တင်ကြေး ပေါင် ၇၂ သန်းနဲ့ ခေါ်ထားခဲ့တဲ့ နီကိုးလပ်စ် ပေပေကို အာဆင်နယ်က ဒီနွေမှာ စာချုပ် ဖျက်သိမ်းပေးလိုက်ကာ ကစားသမားက အသင်းပြောင်းရွှေ့သွားတဲ့ ဆုံးဖြတ်ချက် အပေါ် နည်းပြ အာတီတာကတော့ ကာကွယ် ပြောဆိုခဲ့ပါတယ်။

ဒီဆုံးဖြတ်ချက် ဟာ ပါဝင်ပတ်သတ်သူတွေ အားလုံးအတွက် အကောင်းဆုံး ဖြစ်တယ် လို့ အာတီတာက ဆိုပါတယ်။