တူချယ်တောင် မလုပ်နိုင်ခဲ့တာ သူက ဖြစ်နိုင်တယ် ထင်နေတဲ့ အာတီတာ အား ဆောင်းနက် လှောင်ပြောင်ခနဲ့စကား ဆို

လီဗာပူး ကွင်းလယ်ဟောင်းကြီး ဂရေမီ ဆောင်းနက်ကတော့ ဒီနွေ အပြောင်းအရွှေ့မှာ ကိုင်ဟာဗက် ကို ခေါ်ယူဖို့ ပေါင် ၆၅ သန်း အာတီတာ သုံးစွဲခဲ့တာက ဖြုန်းတီးမှု သက်သက်ပဲ လို့ ထောက်ပြ ပြောဆိုလိုက်ပါတယ်။

ကိုင်ဟာဗက် ဟာ အာဆင်နင်မှာ အခုထိ ၆ ပွဲ ကစားပြီးပေမယ့် ဂိုး တစ်ဂိုးမှ မသွင်းနိုင်သလို ဖန်တီးထောက်ပံ့မှုလည်း မပြုလုပ်နိုင်သေးပါဘူး။ ဂျာမန်သားဟာ ပြီးခဲတဲ့ အပတ် အဲဗာတန်နဲ့ ပွဲမှာ အရန်ခုံမှာသာ ရှိနေခဲ့ပါတယ်။

ဂရေမီ ဆောင်းနက်ကတော့ အာတီတာရဲ့ ခေါ်ယူမှု အပေါ် ဒေးလီးမေးလ်ကနေ အခုလို သုံးသပ် ဝေဖန်သွားခဲ့ပါတယ်။

” အာဆင်နယ် ငွေသုံးခဲ့တာက ကျွန်တော့် အမြင်တော့ အဓိပ္ပါယ်ကို မရှိမနေပါဘူး။ သူတို့က ကိုင်ဟာဗက် အတွက် ပေါင် ၆၅ သန်း သုံးတယ်တဲ့ဗျာ။

ပြီးခဲ့တဲ့ ၃ ရာသီဆက်တိုက် ချယ်ဆီးမှာ သူပြခဲ့တဲ့ ခြေစွမ်းနဲ့ဆို ဒီလို ငွေ ပမာဏမျိုး သုံးကို မသုံးသင့်ဘူးလေ၊ ဟုတ်တယ် မလား။

သူတို့က အာတီတာဟာ ဖရန့်လမ်းပတ်၊ သောမတ်စ် တူချယ်၊ ဂရေဟမ် ပေါ်တာ တို့ မလုပ်နိုင်ခဲ့တဲ့ ကိစ္စ အပေါ် လုံးဝ လုံးဝ မတူညီနိုင်တဲ့ နည်းလမ်းနဲ့ လုပ်ပြနိုင်မယ်လို့ မျှော်လင့်နေခဲ့ကြတာပဲ။ ဒါဆိုလည်း ကိုင်ဟာဗက်နဲ့ ကံကောင်းပါစေ မီခေးလ်ရေ။

ဂိုးသမား တစ်ယောက် အတွက်ဆိုရင် ဘောလုံးလောကမှာက ဘယ်နှပွဲ ကစား၊ clean sheets ဘယ်နှပွဲ ရသလဲ မေးတယ်၊ တိုက်စစ်မှုး တစ်ယောက် ဆိုရင် ဘယ်နှပွဲ ကစား ဘယ်နှဂိုး သွင်းလဲပေါ့။

ဟာဗက်ဟာ ချယ်ဆီး အတွက် ပြီးခဲ့တဲ့ ၃ ရာသီလုံးလုံးမှာမှ ၁၉ ဂိုး သွင်းတယ်။ ကိုယ့်ဘာသာ ကောက်ချက်ဆွဲ၊ တွေးလည်း ကြည့်ပါဦး။ ” လို့ ဆောင်းနက်က မညှာတမ်း ပြောဆိုသွားခဲ့တာ ဖြစ်ပါတယ်။