ဗီလာကို ရှုံးပြီးနောက် ချယ်ဆီးအသင်း ပိုင်ရှင်တွေထံ စကား ၃ လုံးနဲ့ တောင်းဆိုမှု လုပ်သွားပြန်တဲ့ ပိုချက်တီနို

ချယ်ဆီး အသင်းဟာ မနေ့ညက စတန်းဖိုဒ့်ဘရစ်မှာ အက်စတွန်ဗီလာကို ဧည့်ခံ ကစားပြီး ၁-ဝနဲ့ ကပ်ရှုံးခဲ့ကာ အမှတ်ပေးဇယား အဆင့် ၁၄ နေရာမှာ ဆက်ရှိနေပါတယ်။

ဒါကြောင့် ချယ်ဆီးတို့ ဒီရာသီ ပရီးမီးယားလိဂ် ၆ ပွဲ ကစားပြီးချိန်မှာ လူတန်တောင်း တစ်သင်းတည်းကိုသာ အနိုင်ရခဲ့သေးတဲ့ထိ အခြေအနေ ဆိုးနေပါတယ်။

ညက ဗီလာနဲ့ ပွဲမှာ ဒုတိယပိုင်းမှာ ဂူစတို အနီကဒ် ပြခံရတာကြောင့် တစ်ယောက်လျော့ဖြင့် ယှဉ်ပြိုင်ခဲ့ရတဲ့ ချယ်ဆီး အသင်းဟာ ပွဲချိန် ၇၃ မိနစ်မှာ ဝတ်ကင်းစ်ရဲ့ သွင်းဂိုးကို ခွင့်ပြုခဲ့ရတာပါ။ အင်္ဂလန်သားရဲ့ ဒီရာသီ ပထမဆုံး ပရီးမီးယားလိဂ် သွင်းဂိုးကပဲ ချယ်ဆီးကို အရေးနိမ့်စေဖို့ လုံလောက်ခဲ့ပါတယ်။

အက်စတွန်ဗီလာ ပွဲအပြီးမှာ နည်းပြပိုချက်တီနိုက ” ကျနော်တို့ စွမ်းဆောင်ရည် ညံ့ခဲ့ပါတယ်။ ကျနော်တို့ ဆက်ပြီး ယုံကြည်နေဖို့ လိုပါတယ် ” ဆိုကာ သူ့အပေါ် ဆက်ယုံကြည်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။

ရလဒ်ကို အသင်းပိုင်ရှင်တွေ စိတ်ပျက်နေကြောင်းကိုလည်း ” ဟုတ်ပါတယ် ပိုင်ရှင်တွေ စိတ်ပျက်နေကြပါတယ်။ ဒါပေမယ့် တစ်ချိန်တည်းမှာ Support the plan .. အသင်းအတွက် စီစဉ်ထားတာတွေကို သူတို့ ထောက်ခံဖို့ လိုအပ်ပါတယ်။

ကျနော်တို့မှာ ရှိနေတဲ့ လူစာရင်းနဲ့ ယုံကြည်မှုတွေ ပြန်တည်ဆောက်ပြီး သူတို့ လိုအပ်နေတဲ့ ထောက်ပံ့မှုတွေ ပေးရမှာပါ ” လို့ ပိုချက်တီနိုက ဆက်ပြောခဲ့တယ်။

အင်္ဂလန် မီဒီယာတွေမှာတော့ နည်းပြပိုချက်တီနိုကို ရာထူးကနေ ထုတ်သင့်ပြီလား? ဆိုတဲ့ ဆွေးနွေးမှုတွေ ဆက်တိုက် တက်လာနေတယ်။

ချယ်ဆီးပရိသတ်တွေကတော့ စပါး၊ မန်စီးတီး၊ ဘရိုက်တန်တို့နဲ့ ဆက်တိုက် ရင်ဆိုင်ရမယ့် နိုဝင်ဘာ မကျော်ဘဲ ပိုချက်တီနို ရာထူးက ထုတ်ပယ်ခံရမယ်လို့ မှတ်ချက်တွေ ပေးလာနေကြပြီ ဖြစ်ပါတယ်။