ဘရိုက်တန်ကို နိုင်လိုက်တာနဲ့ အတူ ချယ်ဆီးအသင်း လမ်းကြောင်းမှန်ပေါ် ပြန်ရောက်ပြီလား

ချယ်ဆီးအသင်းဟာ မနေ့ညက ကစားသွားတဲ့ ကာရာဘောင်း လိဂ်ဖလား တတိယအဆင့် ပွဲစဉ်မှာ ဘရိုက်တန် အသင်းကို ၁-ဝ နဲ့ နိုင်ကာ နောက်တစ်ဆင့် တက်သွားခဲ့ပြီ ဖြစ်ပါတယ်။ ဒီပွဲမှာ ဂိုးမိုးခေါင်နေတဲ့ တိုက်စစ်မှုး နစ်ကိုးလပ်စ် ဂျက်ဆန် ဂိုးသွင်းနိုင်ခဲ့တာကလည်း ကျေနပ်စရာ ဖြစ်ခဲ့တာပါ။

ဒီပွဲရလဒ် အပေါ် နည်းပြ ပိုချက်တီနိုက ကျေနပ်နေပြီး နိုင်ပွဲနဲ့ အတူ ချယ်ဆီး ရလဒ်ဆိုးတွေကနေ ရုန်းထနိုင်ပြီ လို့လည်း ယုံကြည် မျှော်လင့်နေပါတယ်။

” ဒီလို နိုင်ပွဲ ရဖို့က ကျွန်တော်တို့ အတွက် သိပ်ကို အရေးကြီးနေခဲ့တာပါ။ ကျွန်တော်တို့ အသင်း နိုင်ပွဲတွေ သွင်းဂိုးတွေ မရတာ အတော်ကြာပြီးကာမှပဲ ဒီပွဲကို နိုင်ပြီး နောက်တဆင့် တက်နိုင်ခဲ့ပြီ။

တိုက်စစ်သမားတွေ ဂိုးပေါက် ပြန်တွေ့တယ် ဆိုတာကလည်း သိပ် အရေးကြီးတယ်။ သူ (ဂျက်ဆန်) ကလည်း တကယ်ကို ကစားတာ ကောင်းခဲံတယ်။ ” လို့ ပိုချက်တီနိုက ဆိုပါတယ်။

ဒီနိုင်ပွဲဟာ ချယ်ဆီးအသင်းအတွက် ဒီရာသီ အလှည့်အပြောင်း ဖြစ်သွားစေနိုင်သလား လို့ မေးမြန်းခံရရာမှာ အာဂျင်တိုင်းသား နည်းပြက အခုလို တုန့်ပြန်ခဲပါတယ်။

” အဲဒီလို ဖြစ်သင့်ပါတယ်။ ဖြစ်ရပါမယ်။ အလှည့်အပြောင်းလည်း ဖြစ်ချိန်တန်နေပါပြီ။ ဒီနေ့ပွဲမှာ ကျွန်တော်တို့ အကောင်းမြင်စရာတွေ အများကြီး ရှိခဲ့တယ်။ ကစားသမားတွေက သူတို့ အကောင်းဆုံးတွေ ထုတ်ပြပြီး ယှဉ်ဖိုက်ပြခဲ့တယ်။ ” လို့ ပိုချက်တီနိုက ဆိုခဲ့တာ ဖြစ်ပါတယ်။