ဒီရာသီ ပထမဆုံး လိဂ်ရှုံးပွဲကို ၇ ပွဲမြောက်မှာတင် ကြုံလိုက်ရပြီးနောက် ပက် ဂွာဒီယိုလာ ဘာပြောခဲ့သလဲ

မန်စီးတီးအသင်းကတော့ ဒီရာသီ ပထမဆုံး ပရီးမီးယားလိဂ် ရှုံးပွဲကို ၇ ပွဲမြောက်မှာတင် စတင် ကြုံတွေ့ရပါပြီ။ စနေနေ့ည ဝုဗ်ကို အဝေးကွင်း သွားရောက် ရင်ဆိုင်ရတဲ့ ပွဲမှာ စီးတီးတို့ ၂-၁ နဲ့ အရေးနိမ့်ခဲ့ရတာပါ။

ဒီပွဲမှာ နည်းပြ ပက် ဂွာဒီယိုလာက ယခင်ပွဲများမှာ အဝါကတ် ထိတာ ၃ ကြိမ်ရှိသွားခဲ့တာကြောင့် ပွဲပယ်ထိခဲ့ပြီး ကွင်းဘေးက ကြီးကြပ်ခွင့် မရခဲ့ပါဘူး။

ပွဲအပြီး အင်တာဗျူးမှာတော့ ပက်က ဝုဗ်က သိပ်ကိုမြန်ပြီး ပိုကောင်းလို့ နိုင်သွားတာ ဖြစ်ကြောင်း ရိုးရိုးသားသား ဝန်ခံရင်း ဂုဏ်ပြုစကားပါ ဆိုသွားခဲ့ပါတယ်။

” ဝုဗ်အသင်းရေ ကွန်ဂရက်ကျူလေးရှင်းပါ။ သူတို့က ထိုက်ထိုက်တန်တန် နိုင်သွားခဲ့တာပါ။ ကျွန်တော်တို့ အခွင့်အရေးတွေ ရှိခဲ့ပေမယ့် ကစားကွက် အကူးအပြောင်းမှာ ရုန်းကန်ခဲ့ရတယ်။ သူတို့ကတော့ တော်တော် ကောင်းကောင်းကို ကစားသွားတယ်။

ကျွန်တော်တို့လည်း ပွဲထဲမှာ ကောင်းကောင်း အထိုင်ကျခဲ့တယ်။ ကစားနိုင်ခဲ့တယ်။ ဒါပေမယ့် မေးခွန်းက ကိုယ့်ပြိုင်ဘက်က ပိုပြီး သွက်လက် မြန်ဆန်နေတဲ့ အခါကျရင်ကော? ကျွန်တော်တို့ ဒါကို လက်ခံလိုက်ရတော့မှာပဲ။ ” လို့ အရှုံးရလဒ်နဲ့ပတ်သတ်ပြီး သူ့ ခံယူချက် သဘောထားကို ပက်က ဆိုခဲ့ပါတယ်။

ဒဏ်ရာရ ကစားသမားတွေနဲ့ ပတ်သတ်ပြီးလည်း ပက် ဂွာဒီယိုလာက ” ဘာနာဒို ဆေးလ်ဗား မကြာခင် ပြန် လာတော့မှာပါ။ ဂျွန်စတုန်းစ်လည်း မကြာတော့ပါဘူး။ ချန်ပီယံလိဂ် ပွဲ အတွက် ကျွန်တော်တို့ ကစားသမား ဘယ်နှယောက်လောက်များ ရှိမလဲ ကြည့်ရပါဦးမယ်။ ” လို့ ပြောဆိုသွားခဲ့ပါတယ်။