အိတ်ပေါက်နဲ့ ဖားကောက်လို့တော့ မဖြစ်ဘူးလို့ ယူနိုက်တက် ရောက်တာ မကြာသေးတဲ့ ဟွိုင်လန်းကတောင် ပြောပါပြီ

မန်ချက်စတာ ယူနိုက်တက်ဟာ မနေ့ညက အိုးထရက်ဖို့ဒ်မှာ ကစားခဲ့တဲ့ ဂါလာတာစာရေးနဲ့ အုပ်စုပွဲစဉ်ကိုလည်း အနိုင် မကစားနိုင်ဘဲ ၃-၂ နဲ့ အရေးနိမ့်ခဲ့ရပါတယ်။

ယူနိုက်တက် တိုက်စစ်မှုးသစ် ဟွိုင်လန်းဟာ နှစ်ကြိမ်တိုင် ဦးဆောင်ဂိုးတွေ သွင်းခဲ့ပေမယ့် ဂါလာတာစာရေးရဲ့ ပြန်ချေပခြင်းတွေ ခံလိုက်ရပြီး အနိုင်ဂိုးပါ ပေးခဲ့ရတာပါ။ ယူနိုက်တက် ခံစစ်ကြောင်းနဲ့ ဂိုးသမား အိုနာနာ အပေါ် ဝေဖန်မှုတွေလည်း များစွာ ရှိနေပါတယ်။

ယူနိုက်တက် ရောက်တာ ထိုင်ခုံတောင် မပူသေးဘဲ ပွဲကစားတာ ၃ပွဲလောက် ရှိသေးတဲ့ တိုက်စစ်မှုးသစ် ဟွိုင်လန်း ကိုယ်တိုင်ကလည်း တိုက်စစ်က ဂိုးသွင်းပြီး နောက်မှာ ဂိုးတွေ ပြန်ပေး၊ အိတ်ပေါက်နဲ့ ဖားကောက်သလို ဖြစ်နေပြီ လို့ ထုတ်ဖော် ပြောဆိုလာပါတယ်။

” ကျွန်တော်တို့ အနေနဲ့ ကိုယ်က ဂိုးသွင်းပြီးရင် တခါတည်း ဂိုးတွေ ပြန်ပေးနေလို့ မရဘူး ဆိုတာ သိထားမှ ရတော့မယ်။ ဒီလို ဖြစ်နေတာ ပွဲနည်းနည်းတောင် ဆက် နေပြီ။

တကယ်ကို ခက်ခဲတဲ့ ကာလပါ။ ဒါပေမယ့် အတူတကွ ကျော်ဖြတ်ရမှာပဲ။ ဒီ အကြပ်အတည်းကနေ ဒါမှပဲ လွတ်မြောက်နိုင်မှာပါ။ ကျွန်တော် ပျော်လည်း ပျော်သလို တချိန်တည်းမှာလည်း မပျော်ရွှင် ဖြစ်ရပါတယ်။

အသင်းက ၃ မှတ်ပြည့် ယူရပါမယ်။ အခုလောလောဆယ်မှာ ကျွန်တော်တို့က လုံလောက် ကောင်းမွန်မှု မရှိဘူး ဖြစ်နေတယ်။ ” လို့ ဟွိုင်လန်းက ဂါလာတာစာရေးနဲ့ ပွဲအပြီး အင်တာဗျူးမှာ ပြောကြားသွားခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်ရဲ့ ခံစစ်နဲ့ ဂိုး ဟာ သိပ်ကြီး မထက်မြက်လှတဲ့ ဂါလာတာစာရေး ကိုတောင် မတားဆီးနိုင်ဘဲ ပြိုဆင်းခဲ့ရတာပါ။ ယူနိုက်တက်ဟာ အခုဆို ချန်ပီယံလိဂ် အုပ်စု အေမှာ ၂ ပွဲ ကစား ၁ မှတ်မှ မရသေးဘဲ ဖြစ်နေတဲ့ အပြင် ပေးဂိုး ၇ ဂိုးထိ ရှိနေပါတယ်။