စပါး vs လီဗာပူးပွဲ ပြန်ကစားဖို့ ပရီးမီးယားလိဂ်ကို အသိပေးလိုက်တဲ့ ယာဂင်ကလော့ပ်

ယာဂင်ကလော့ပ်က ပြီးခဲ့တဲ့ စပါးပွဲမှာ VAR အမှားကြောင့် သူတို့ရဲ့ နစ်နာမှုအတွက် တစ်ခုတည်းသော ဖြေရှင်းဖို့ နည်းလမ်းဟာ ပွဲကို ပြန်ကစားဖို့ပါလို့ အသိပေးလိုက်ပါတယ်။

PGMOL က ဒီယက်ဇ်ရဲ့ သွင်းဂိုးကို မှားယွင်းစွာ မပေးခဲ့ခြင်းအတွက် လီဗာပူးအသင်းကို တရားဝင် တောင်းပန်မှု ပြုလုပ်ခဲ့ပါပြီ။ အဆိုပါ ဂိုးအတွက် ဘယ်လိုတွေ ဆွေးနွေးခဲ့လဲ အသံဖိုင်ကို ချပြခဲ့ပေမယ့် ကလော့ပ်ကတော့ စိတ်မဝင်စားပါဘူးလို့ ထုတ်ပြောလာပါတယ်။

” အသံဖိုင်က ဘာမှ ပြောင်းလဲစေမှာ မဟုတ်ဘူး၊ အဲ့တာမျိုးတွေကို ကျနော် စိတ်မဝင်စားဘူး။ ဂိုးသွင်းခဲ့တာကို ကျနော် မြင်တယ်၊ ဂိုးမပေးတာကိုလည်း မြင်တယ်။ တကယ့် စစ်မှန်တဲ့ နည်းလမ်းနဲ့ ဒါကို ဖြေရှင်းနိုင်ဖို့ကပဲ အရေးကြီးတယ်။

ဒီကိစ္စမှာ ပါဝင်ကြတဲ့ ဒိုင်လူကြီးတွေ၊ စည်းကြပ်ဒိုင်၊ စတုတ္ထဒိုင်နဲ့ အထူးသဖြင့် VAR က သေချာ မလုပ်ခဲ့ဘူး။ ကျနော်တို့ ဒါကို မမေ့သင့်ပါဘူး။ ဒါက သိသာတဲ့ အမှားပါ၊ ဒီဖြစ်ရပ်အပြီး ဘယ်လို ဖြေရှင်းမလဲဆိုတာကို ကျနော် စဉ်းစားကြည့်ခဲ့တယ်။

လီဗာပူးဘောလုံးအသင်းရဲ့ မန်နေဂျာ မဟုတ်ဘဲ ဘောလုံးနဲ့ သက်ဆိုင်သူ တစ်ယောက်အနေနဲ့ ကျနော် မြင်တာကတော့ ပြန်ကန်တာကပဲ တစ်ခုတည်းသော ဖြေရှင်းနည်း ဖြစ်မှာပါ။

ပြန်ကန်ပွဲ ဖြစ်လာဖို့တော့ မရှိလောက်ပါဘူး။ ဒါမျိုးကို ကျနော်တို့ လုပ်နိုင်ခဲ့ရင် လူတိုင်းကလည်း ဒီလိုမျိုး တောင်းဆိုလာကြလိမ့်မယ်။ မကြုံစဖူး အခြေအနေတစ်ခု ဖြစ်ပါတယ် ” လို့ ကလော့ပ်က မှတ်ချက်ပေးသွားတာ ဖြစ်ပါတယ်။