၂ပွဲဆက် ရှုံးခဲ့ချိန်မှာလည်း မန်စီးတီး ကစားသမားတွေကို ယုံကြည်ခဲ့တယ် ဆိုတဲ့ လိုက်ပ်ဇစ် နိုင်ပွဲ အပြီး ဂွာဒီယိုလာ ပြော စကား

မန်စီးတီး နည်းပြ ပက် ဂွာဒီယိုလာကတော့ မနေ့ညက လိုက်ပ်ဇစ်နဲ့ ချန်ပီယံလိဂ်မှာ နိုင်ပွဲ ပြန်ရယူပြီးနောက် ပြိုင်ပွဲစုံ ၂ ပွဲဆက် အရှုံးရလဒ် ကြုံခဲ့စဉ်ကလည်း သူ့ကစားသမားတွေကို သံသယမဝင်ဘူးလို့ ထုတ်ဖော် ပြောဆိုလာပါတယ်။

ဂွာဒီယိုလာ က ‘ ကျနော်ရဲ့ အသင်းကို ရလဒ်တွေနဲ့ မဆုံးဖြတ်ပါဘူး။ နယူးကာဆယ်၊ ဝုဗ်တို့ကို ရှုံးခဲ့တဲ့ နှစ်ပွဲလုံးမှာ စွမ်းဆောင်ရည် အကောင်းဆုံး မဟုတ်ခဲ့ဘူး ဒါပေမယ့် ဧရိယာထဲမှာ ကစားသမား ၁၀ ယောက်လောက် ခုခံ နေတာမျိုးကို ဖောက်ထွက်ဖို့က မလွယ်ပါဘူး။

တိုက်စစ်သမားတွေကော၊ ကွင်းလယ်ခံစစ်သမားတွေပါ ဧရိယာထဲ ဝင်ပြီး ၁၀ ယောက်လောက်နဲ့ ခုခံနေတာမျိုးက ဘယ်လွယ်မလဲ။ ပွဲတွေ အများကြီး ရှိပါသေးတယ်။

ကျနော်က ကိုယ့်ရဲ့ ကစားသမားတွေအပေါ် သံသယတွေ ဝင်နေမယ်လို့ ခင်ဗျားတို့ ထင်နေကြရင် မှားသွားပါမယ်။ ဒီမေးခွန်းမျိုး ခင်ဗျားတို့ ကျနော်ကို လာမမေးနဲ့ မရဘူး။ လေ့ကျင့်ရေးမှာ အသင်းသားတွေရဲ့ စိတ်ဓါတ်ပိုင်းကို ကျနော် မြင်နေရတာ၊ နိုင်ပွဲယူဖို့က ဒီကစားသမားတွေ အပေါ်မှာ မှီခိုနေရတာပါ။

အခု အာဆင်နယ်ပွဲကို ကိုယ့်ပွဲအဖြစ် ကစားနိုင်ဖို့ အားထုတ်ရမယ်။ ကျန်တဲ့ ဖလားပြိုင်ဆိုင်မှုကတော့ မတ်လ၊ ဧပရယ်လ၊ မေလလောက်ဆို ဖြစ်လာမှာပေါ့။ ကျနော်တို့က အနိုင်ယူဖို့ လွယ်တဲ့ ပြိုင်ဘက်တော့ မဟုတ်မှန်း ကျနော် ခံစားမိနေတာပဲ ’ လို့ ဆိုခဲ့ပါတယ်။

လိုက်ဇစ်ကို အနိုင်ယူခဲ့တဲ့ မန်စီးတီးဟာ ကောင်းမွန်တဲ့ စွမ်းဆောင်ရည်နဲ့ လွှမ်းမိုးနိုင်မှုကို ပြသခဲ့တာပါ။ ဒီပွဲခြေစွမ်းဟာ အမ်းမရိတ်မှာ အာဆင်နယ်ကို ရင်ဆိုင်ဖို့ တောင့်တင်းတဲ့ အကြောင်းကြားမှု ဖြစ်ခဲ့မလား ဆိုတဲ့ မေးခွန်းကို ‘ဟုတ်ပါတယ်’လို့ ဂွာဒီယိုလာက ဆိုပါတယ်။

အာဆင်နယ်ပွဲမှာ မန်စီးတီး ကွင်းလယ်လူ ရိုဒရီ ပါဝင်ကစားနိုင်မှာ မဟုတ်ဘဲ ပြိုင်ဘက်အသင်းမှာလည်း တိုက်စစ်သမား ဆာကာ ပါနိုင်ဖို့ မသေချာဖြစ်နေပါတယ်။