လူငယ်တွေနဲ့ ဒီအသင်းက ဒီလို ဂိုးပြတ် ထိုက်ထိုက်တန်တန် နိုင်တာဗျာ၊ ပျော်ပါရစေဦး ဆိုတဲ့ ပိုချက်တီနိုရဲ့ ဝမ်းမြောက် စကားသံ

ချယ်ဆီးအသင်းဟာ စနေနေ့ညက ပရီးမီးယားလိဂ်မှာ ဘန်လေအသင်းကို အဝေးကွင်း သွားရောက် ယှဉ်ပြိုင်ရာမှာ ၄-၁ နဲ့ ဂိုးပြတ် နိုင်ပွဲ ရသွားခဲ့ပါတယ်။

ပထမပိုင်းအတွင်း ဘန်လေက ပိုကောင်းပြီး ဦးဆောင်ဂိုး ရခဲ့ပေမယ့်လို့ ချယ်ဆီးတို့ ကြံ့ကြံ့ခံပြီး ဆက်လက် ယှဉ်ပြိုင်ခဲ့တယ်။ ဒါကြောင့်ပဲ ခြေပဂိုးနဲ့ ဦးဆောင်ဂိုးတွေ ပြန်သွင်းနိုင်ခဲ့တာဖြစ်ပါတယ်။

ဘန်လေရဲ့ OG ဟာ ချယ်ဆီးတို့ ပြန်လာဖို့ တွန်းအားတစ်ခု ဖြစ်ခဲ့သလို ဒုတိယပိုင်းမှာ ပိုချက်တီနိုရဲ့ အသင်းဟာ ဖြေးဖြေးချင်း တိုက်စစ် ခြေတွေ့လာခဲ့ပါတယ်။ ဒီပွဲမှာ စတာလင် အတော်လေး ခြေစွမ်းပြခဲ့ပြီး ကွင်းလယ်တန်းကလည်း တွဲဘက်မိလာခဲ့တာပါ။ ယုံကြည်မှုပိုင်း တိုးတက်လာခဲ့ကာ စတာလင်၊ ဂျက်ဆက်၊ ပါးမားတို့ရဲ့ သွင်းဂိုးတွေနဲ့အတူ ချယ်ဆီးတို့ နိုင်ပွဲ ရခဲ့ပါတယ်။

နည်းပြ ပိုချက်တီနိုကတော့ နောက်ဆုံး ကစားထားတဲ့ ပြိုင်ပွဲစုံ ၃ ပွဲ ဆက်တိုက် နိုင်ပွဲ ရသွားပြီး လမ်းကြောင်းမှန်ပေါ် ရောက်လာတဲ့ အပေါ် ကျေနပ် အားရနေပြီး ပွဲအပြီးမှာ အခုလို ဝမ်းမြောက် စကား ဆိုခဲ့ပါတယ်။

” ကျွန်တော်ကတော့ သိပ် အားရကျေနပ်နေမိတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ဒီ ကစားသမားတွေက ဒီလို အောင်ပွဲနဲ့ ထိုက်တန်ပါတယ်။ ဒီရာသီ စတည်းက အသင်းက ထိုက်တန်တဲ့ ရသင့်တဲ့ ရလဒ်တွေ မရခဲ့ဘူး။ ဒီနေ့ပွဲကတော့ စွမ်းဆောင်ရည်ကလည်း လုံးဝ ပြည့်စုံခဲ့တယ်။

ကျွန်တော်တို့ တစ်ဂိုးတော့ ပေးခဲ့ရတယ်။ ဘန်လေရဲ့ စုဖွဲ့မှုကို ချိုးဖျက်ဖို့က အတော်ကို ခက်ခဲခဲ့တယ်။ ဒုတိယပိုင်းမှာတော့ ပွဲကို လွှမ်းမိုးနိုင်ခဲ့ပြီး ဒီရလဒ်ကို ထိုက်ထိုက်တန်တန် ရယူနိုင်ခဲ့ပါပြီ။

ဒါက အလုပ်နဲ့လည်း ဆိုင်သလို ယုံကြည်မှုလည်း ပါပါတယ်။ ကျွန်တော်တို့ အသင်းက ငယ်ရွယ်ပြီး လူသစ် ကစားသမားတွေ အများကြီး ပါတယ်။ ဒီတော့ ယုံကြည်မှုကို တည်ဆောက်ရသလို အသင်း စုဖွဲ့မှုကိုလည်း တည်ဆောက်ယူရပါတယ်။ ကျွန်တော်တို့ အသင်း ကစားတာ ကောင်းပါတယ်။ ဒါပေမယ့် တိုးတက်အောင် လုပ်စရာတွေ ရှိသေးတယ်။ ဂိုးရှေ့မှာ ယုံကြည်မှုတွေ ပိုရှိလာအောင် လုပ်ရဦးမယ်။

အခုအချိန်ကတော့ ကျွန်တော် ပျော်နေတယ်။ ပျော်ပါရစေဦး.. ဒီ ငယ်ရွယ်တဲ့ ကစားသမား အုပ်စုနဲ့ပဲ နောက်ဆုံး ၃ ပွဲမှာ နိုင်ပွဲ ၃ ပွဲ ရခဲ့တယ်ဗျာ။ ” လို့ ပိုချက်တီနိုက ပြောဆိုခဲ့တာ ဖြစ်ပါတယ်။