မန်စီးတီးကို ပစားပေးခဲ့တဲ့ ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက်ကို ခေါင်းကြီး သတင်းကနေ ဝေဖန်လာခဲ့ပါပြီ

အာဆင်နယ်က မန်စီးတီးကို ၁-၀ ဖြင့် အနိုင်ရတဲ့ အမ်းမရိတ်ကွင်းက ပွဲစဉ်မှာ ကွင်းလယ်ဒိုင် အိုလီဗာရဲ့ ဆုံးဖြတ်ချက်ကို ပရီးမီးယားလိဂ် ဒိုင်ဟောင်း မက် ကလက်တန်ဘတ်က ဘာလို့ အနီကဒ် မဖြစ်ခဲ့သလဲ ဆိုကာ ခေါင်းကြီးသတင်းဖြင့် ထုတ်ဖော် ဝေဖန်ခဲ့ပါတယ်။

ကိုဗာဆစ်ဟာ အာဆင်နယ် ကွင်းလယ်လူ အိုဒီဂတ်ကို ပြင်းထန်တဲ့ ဟန့်တားမှု လုပ်ခဲ့ခြင်းအတွက် VAR စစ်ဆေးခံရပေမယ့် အဝါကဒ်ပဲ ပြသခံရတာ ဖြစ်ပါတယ်။ အိုဒီဂတ် အတော်လေး နာကျင်ခဲ့ရကာ ကံကောင်းလို့ ပြင်းထန် ဒဏ်ရာမျိုး မဖြစ်ခဲ့တာပါ။

အဲ့တစ်ကြိမ် ကံကောင်းခဲ့ရင်တောင် နောက်ထပ် ၇ မိနစ်အကြာမှာ ကိုဗာဆစ်ကပဲ ဒီကလန်ရိုက်စ်ကို တူညီတဲ့ ပုံစံဖြင့် ထပ်မံ ပြစ်ဒဏ် ကျူးလွန်ခဲ့ပြီး နှစ်ဝါ တစ်နီဖြစ်ရမယ့် အခြေအနေကိုလည်း ကွင်းလယ်ဒိုင် အိုလီဗာက လျော့ပေါ့ပေးခဲ့ပါတယ်။

“ ကိုဗာဆစ်က အတော်လေး ကံကောင်းတဲ့သူပါ၊ ကွင်းထဲမှာ မန်စီးတီးအသင်းသား ၁၁ ဦးလုံး ဆက်ရှိနေရေး အိုလီဗာက ဆုံးဖြတ်ပေးခဲ့ပါတယ် ” ကလက်တန်ဘတ်က ရေးသားခဲ့တာ ဖြစ်ပါတယ်။

ကလက်တန်ဘတ်ကတော့ အိုဒီဂတ်ဖြစ်ရပ်အတွက် VAR ဒိုင် John Brooks အနေနဲ့ အိုလီဗာကို ကွင်းပြင်ထွက်လာ စစ်ဆေးဖို့ အကြံပေးမှု လုပ်သင့်တယ်လို့ မှတ်ချက်ပေးခဲ့သလို ရိုက်စ်ကို လူချမှုအတွက် ဒုတိယ အဝါကဒ် ပြသခံရသင့်ကြောင်း ဒေးလီမေလ်းကနေ ရေးသားခဲ့ပါတယ်။