မြောက်လန်ဒန်ကလပ် ကောင်းလွန်းလို့ လူတိုင်း မနာလို ဖြစ်နေကြပြီလို့ သုံးသပ်လိုက်တဲ့ ဆက်တန်

တော့တင်ဟမ် စပါးအသင်းရဲ့ ဒီရာသီ အခုချိန်ထိ ရှုံးထွက် မရှိသေးဘဲ ဇယားထိပ် ရောက်နေတဲ့ တာထွက်ကောင်းကို တချို့လူတွေက မနာလို ဖြစ်တာ၊ စိတ်ပူတာတွေ ရှိနေကြပြီ လို့ ခရစ်ဆက်တန်က သုံးသပ်သွားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ပွဲမှာ စပါးက လူတန်ကို နိုင်ပြီး ဇယားထိပ် တက်သွားခဲ့ကာ ဒီရာသီ ပရီးမီးယားလိဂ်မှာ အခုထိ ရှုံးပွဲ မရှိသေးတာကလည်း စပါးနဲ့ အာဆင်နယ်တို့ လန်ဒန် နှစ်သင်းသာ ဖြစ်ပါတယ်။

” ကျွန်တော်ကတော့ ခုချိန်မှာ လူတွေ တော့တင်ဟမ် လုပ်ဆောင်နိုင်နေတာကို ကြည့်ပြီး နည်းနည်း jealousy ဖြစ်နေကြပြီ လို့ ခံစားမိနေတယ်။ ကျွန်တော်တော့ ဒါမျိုး သဘောမကျပါဘူး။ ကျွန်တော်တို့ ဘာလို့ တော့တင်ဟမ် ကောင်းကောင်း လုပ်နိုင်နေတာ ကို ကြည့်ပြီး မပျော်ရွှင်ပေးနိုင်ရမှာလဲ။

သူတို့ ကြည့်ရတာ ပိုစတီကိုဂလူနဲ့ သူ့ တော့တင်ဟမ် အသင်းကို စိုးရိမ်နေကြပုံပဲ။ သူတို့ စိတ်ထဲမှာ ဒီအသင်းကို တစ်ပွဲ၊ နှစ်ပွဲလောက်တော့ ရှုံးစေချင်နေကြပုံပဲ။ ” လို့ ဆက်တန်က သုံးသပ်ပြောဆို လိုက်ပါတယ်။

ဆက်တန်ကပဲ လူတွေရဲ့ စပါးအသင်းကို တစ်ပွဲလောက်တော့ စ ရှုံးစေချင်နေကြတဲ့ စိတ်ဟာ ကလေးဆန်လွန်းတယ် လို့ ထပ်မံ ပြောကြားလိုက်သေးပေမယ့် ဒီအသင်းက ပရီးမီးယားလိဂ် ဖလား ရမယ် လို့တော့ သူလည်း မထင်ထားကြောင်း ဆိုခဲ့ပါသေးတယ်။