ဒဏ်ရာ အော်ပရေးရှင်း ဝင်ရမှာမို့ နိုင်ငံတကာသီတင်းပတ် လူစာရင်းကနေ နှုတ်ထွက်သွားတဲ့ ဂျက်ဆန်

ချယ်ဆီး တိုက်စစ်မှူး ဂျက်ဆန်ဟာ သူ့ရဲ့ လက်ကောက်ဝတ် ဒဏ်ရာ ခွဲစိတ်မှု လုပ်ရမှာမို့ နိုင်ငံတကာသီတင်းပတ်အတွင်း ဆီနီဂေါ လူစာရင်းကနေ နှုတ်ထွက်ခဲ့ပါတယ်။

ဘရိုက်တန်၊ ဘန်လေတို့ကို အနိုင်ရတဲ့ ပွဲစဉ်တွေမှာ လက်ကောက်ဝတ် အကာ တပ်ဆင်ကစားခဲ့တဲ့ ဂျက်ဆန်ဟာ ကင်မရွန်း၊ တောင်ဆူဒန် အသင်းတို့နဲ့ ရင်ဆိုင်ရမယ့် လက်ရွေးစင် အသင်းကနေ နှုတ်ထွက်လိုက်ပါပြီ။

ဂျက်ဆန်ရဲ့ ဒဏ်ရာဟာ အသေးစားပဲ ဖြစ်တာကြောင့် နိုင်ငံတကာသီတင်းပတ်အပြီး ယှဉ်ပြိုင်ရမယ့် အာဆင်နယ်ပွဲအတွက် အဆင်သင့်ဖြစ်နေမယ်လို့လည်း သိရတယ်။

ဒီနွေမှာ ဗီလာရီးရဲလ်ကနေ ချယ်ဆီးထံ ပေါင် ၃၂ သန်းဖြင့် ပြောင်းလာခဲ့တဲ့ ဂျက်ဆန်ဟာ နည်းပြပိုချက်တီနိုအတွက် ပရီးမီးယားလိဂ်ပွဲ ၆ ပွဲမှာ ပွဲထွက် လူစာရင်းက ပါဝင်ပေးထားပြီးပါပြီ။ ဘန်လေကို ၄-၁ ဖြင့် အနိုင်ရတဲ့ပွဲမှာ သွင်းဂိုး ၁ ဂိုး ရယူနိုင်ခဲ့ပါတယ်။

အောက်တိုဘာလ ၂၁ ရက်နေ့ စတမ်းဖိုဒ့်ဘရစ်ဂျ်မှာ ယှဉ်ပြိုင်ကစားရမယ့် အာဆင်နယ်ပွဲအတွင်း ဂျက်ဆန်အပြင် ရိစ်ဂျိမ်း၊ ဘတ်ဒီယာရှိုင်းတို့လည်း ပြန်ပါလာဖွယ် ရှိနေပါတယ်။